
မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတိုက်ဖျက်ရေး အတွက် ၄ လကြာ အထူးစီမံချက်တစ်ခုကို စက်တင်ဘာလ (၁) ရက်ကနေစတင်ပြီဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်က ရဲအရာရှိတစ်ဦးပြောကြားကြောင်း India Today သတင်းဌာနက ဖော်ပြပါတယ်။
အခုမူးယစ်ဆေးဝါးမှောင်ခိုမှုတိုက်ဖျက်ရေး အထူးစစ်ဆင်ရေးကို စက်တာဘာလ (၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီစစ်ဆင်ရေးမှာ ပြည်နယ်ရဲတပ်ဖွဲ့အပြင် အကောက်ခွန်၊ မူးယစ်ဆေးဝါးဌာနနဲ့ မီဇိုရမ်ပြည်နယ်ရဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ Young Mizo Association (YMA) တို့ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီး K Sapdanga က မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ မှောင်ခိုသမားတွေဟာ ခိုးမှုနဲ့တခြားပြစ်မှုတွေမှာ ပါဝင်နေတာကြောင့် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့စစ်ဆေးရေးအရာရှိချုပ် H Ramthlengliana ကတော့ လက်ရှိမှာ မြန်မာဘက်ကနေ မှောင်ခိုဝင်လာတဲ့ မူးယစ်ဆေးဝါး ၁၀% လောက်ကိုပဲ ဖမ်းဆီးနိုင်သေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယ်စပ်ထိန်းချုပ်မှုတွေကို ပိုပြီးတိုးမြှင့်သွားမယ်လို့ ပြောပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာလည်း ရဲအင်အား ၃၂ ဦးကို တာဝန်ချထားပြီး Assam Rifles နဲ့ ဒေသခံစေတနာ့ဝန်ထမ်းတွေကို အကူအညီပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ကလည်း ရဲတပ်ဖွဲ့နဲ့ Central Young Mizo Association တို့ဟာ Champhai ခရိုင်က နယ်စပ်ရွာတွေကို သွားပြီး ဒေသခံခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီ Champhai ခရိုင်ဟာ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေ အများဆုံးဖြစ်တဲ့နေရာလို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ မီဇိုရမ်ပြည်နယ်က မူးယစ်ဆေးဝါးမှုပေါင်း ၃၇၀ မှာ ၁၇၀ ကို Champhai ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာပါ။ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ၅၁၀ ကီလိုမီတာ နယ်နိမိတ်ချင်း ထိစပ်နေပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ မှောင်ခိုကူးမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်နယ်ရဲ့အချက်အလက်တွေအရ ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဩဂုတ်လ ၈ ရက်နေ့အထိ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် အမျိုးသမီး ၇ ဦး အပါအဝင် လူ ၅၁ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာဆိုရင် စုစုပေါင်း ၃၅၁ ဦး သေဆုံးခဲ့ပါတယ်။
မီဇိုရမ်ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၅ ခုနှစ် မေလအထိ ကျပ်ငွေ ၇၇၀.၉၅ ကုဋေကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီထဲမှာ မက်သာဖက်တမင်းဆေးပြား ၂,၃၅၀ ကီလိုဂရမ်၊ မက်သာဖက်တမင်း (Crystal Meth) ၈၉ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၂၄၃ ကီလိုဂရမ် တို့ပါဝင်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်ကစပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ပစ္စည်းများဆိုင်ရာ ဥပဒေ (NDPS) အရ လူပေါင်း ၄,၄၀၀ ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့လည်း သိရပါတယ်။