
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ ချင်းအမျိုးသားတစ်ဦးကို စက်တင်ဘာလ ၉ ရက်နေ့က ပထမအကြိမ် ရုံးထုတ်ပြီး အမှုကြားနာ စစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ Dai Community in Malaysia ကတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကွာလာလမ်ပူမြို့၊ Kotaraya , Jalan Silang မှာ မြိုချင်းအမျိုးသားတစ်ဦးကို အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ ဒိုင်ရ်(ချင်း) အမျိုးသားက ဓားထိုးမှုကျူးလွန်ခဲ့ပြီး ဓားထိုးခံရတဲ့ မြို(ချင်း) အမျိုးသားဟာ သေဆုံးသွားခဲ့ပါတယ်။
Dai Community in Malaysia က တာဝန်ရှိသူတစ်ဦးက “အမှုဖြစ်သွားတာက ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်ကဖြစ်တယ် ကျူးလွန်သူက ရှောင်နေတော့ ၄ ရက်မြောက်မှဘဲ ဖမ်းမိတာဖြစ်တယ် တရားရုံးကို ရုံးစထုတ်တာက စက်တင်ဘာလ ၉ ရက်နေ့မှာ ပထမဆုံးရုံးထုတ်တာပေါ့ ၁၀ လပိုင်း ၁၂ ရက်နေ့ကြရင် ဒုတိယ ရုံးချိန်းရှိတယ် ဒီလိုအမှုက သုံးနှစ်လောက် တရားရင်ဆိုင်ရလေ့ရှိတယ်” လို့ပြောပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ ဒိုင်ရ် (ချင်း) အမျိုးသားဟာ မလေးရှားနိုင်ငံကို အောက်လမ်းပို့ဆောင်တဲ့ ပွဲစားအလုပ်လည်း လုပ်ကိုင်သူဖြစ်ပြီး ကိုယ်နဲ့မကွာအမြဲဓားဆောင်လေ့ရှိသူလည်းဖြစ်သလို အရင်ကလည်း ဓားထိုးမှုတွေ ကျူးလွန်ခဲ့သူဖြစ်တယ်လို့လည်း Dai Community in Malaysia ကတာဝန်ရှိသူတွေ ပြောပြချက်အရ သိရပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ ချင်းအမျိုးသားကို ပုဒ်မ ၃၀၂ နဲ့စွဲချက်တင်ကာ ထောင်ဒဏ် အနှစ် ၄၀ နဲ့ ကြိမ်ဒဏ် ၁၂ ချက် ဒါမှမဟုတ် သေဒဏ် ကျခံရနိုင်တယ်လို့ မလေးရှားသတင်းဌာနတချို့မှာ ဖော်ပြနေကြတယ်လို့လည်း သိရပါတယ်။