
မလေးရှားနိုင်ငံ ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးဘာရူရှိ စားသောက်ဆိုင်တွေကို မနေ့စက်တင်ဘာလ ၁၈ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၄၆ ယောက်အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၅ ဦးကို တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ဂျိုဟိုးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဂျိုဟိုးဘာရူခရိုင်အနီးရှိစားသောက်ဆိုင်တွေကို မနေ့စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၇ နာရီလောက်စတင်ပြီး ပြည်သူတွေ သတင်းပေးပို့ချက် နဲ့ ထောက်လှမ်းရေးတွေရဲ့ အချက်အလက်ပေါ်ခြေခံပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီမှာ အသက် ၁၈ နှစ်ကနေ ၅၃ နှစ်အကြားရှိ မြန်မာနိုင်ငံက အမျိုးသား ၃၈ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကိုရီးယားနိုင်ငံသား အမျိုးသား၃ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၃ ဦး တို့ကို တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေအားလုံးဟာ ၁၉၅၆/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ၁၉၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းတွေ ချိုးဖော်တယ်လို့ သံယရှိပြီး လက်ရှိ စုံစမ်းစစ်ဆေးမှုတွေ အတွက် Setia Tropika လူဝင်မှုကြီးကြပ်ရေးစခန်းမှာ ထားရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။