Headlines

မလေးရှားမှာ မနေ့ညက အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၄၁ ဦး အပါအဝင် နိုင်ငံခြားသား ၅၅ ဦး ကိုဖမ်းဆီး

စက်တင်ဘာလ ၉ ရက်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ပူချွန်းမာရှိ အစားအသောက်ဆိုင်တန်းကို မနေ့စက်တင်ဘာလ ၈ ရက်နေ့က မလေးရှားအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အထောက်ထားမဲ့ နိုင်ငံခြားသား ၅၅ ဦး ဖမ်းဆီးမိတဲ့အထဲ မြန်မာနိုင်ငံသား ၄၁ ဦးပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပူချွန်မြို့ရှိ အစားအသောက်ဆိုင်တန်းကို မနေ့က ၁ နာရီခန့်အကြာ နိုင်ငံခြားသား ၆၀ ဦးနဲ့ ပြည်တွင်းနိုင်ငံသား ၂၇၄ ဦး စုစုပေါင်း ၃၃၄ ဦးတို့ကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၄၁ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၁ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၅၅ ဦးတို့ဟာ အသက်အရွယ်အားဖြင့် ၂၃ နှစ်ကနေ ၄၇ နှစ်အရွယ်ရှိကြသူတွေဖြစ်ပြီး ၎င်းတို့ကိုစုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့Beranangလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့က မလေးရှားအာဏာပိုင်တွေ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တဲ့ နေရာဟာ မြန်မာနိုင်ငံသား ဗမာလူမျိုးတွေ အနေများတဲ့ နေရာဖြစ်တယ်လို့လည်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကလည်း ဆမ်ဘီလန်ပြည်နယ်ရှိ မြန်မာကာရာအိုကေ (KTV) ဆိုင်ကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ဆောင်မှုပေးနေတဲ့ မြန်မာအမျိုးသမီး ၂၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *