မလေးရှားထောင်ထဲမှာ ချင်းအမျိုးသားတစ်ဦး တီဘီရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရ

စက်တင်ဘာလ ၃၀ ရက်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ Sungai Buloh ထောင်ထဲမှာ အကျဉ်းကျနေတဲ့ အသက် ၄၄ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး စက်တင်ဘာလ ၂၉ ရက်နေ့မှာ အဆုတ် တီဘီရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ ပလက်ဝမြို့နယ် ၊ Lovai ကျေးရွာဇာတိက မရာချင်းအမျိုးသား အသက် ၄၄ နှစ်အရွယ် U Saung Saung လို့လည်း သိရပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေရင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ ထောင်ကျပြီး အခုလို ထောင်ထဲမှာဘဲ သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။

မလေးရှားရောက် ချင်းအမျိုးသားတစ်ဦးက “ ထောင်ထဲ ဖျားနာနေချိန် ၊ ဆေးကုသခွင့် ရမရတွေနဲ့ ပက်သက်ပြီး ကျနော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မေးကြည့်သေးတယ် သူတို့လည်း မသိကြဘူး၊ သေဆုံးပြီးမှ အကြောင်းကြားတယ်လို့ ပြောတယ် သူတို့ကလည်း၊ မလေးရှားထောင်မှာက အများစုက ဆေးကုသမှု အလုံအလောက်မရကြဘူး” လို့ပြောပါတယ်။

ထောင်ထဲမှာ သေဆုံးသွားသူရဲ့ အလောင်းကို ဆရာဝန်တွေ စစ်ဆေးတဲ့အချိန် တီဘီရောဂါ နဲ့ ဆုံးတာလို့သိရပြီး အလောင်း ထုတ်ယူရရှိနိုင်ရေးအတွက်တော့ မလေးရှားက မရာဒုက္ခသည်အဖွဲ့အစည်းက ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *