



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ဩဂုတ်လကစပြီး အိန္ဒိယ – မြန်မာနယ်စပ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကနေ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို ထိန်းချုပ်လာတယ်လို့ ပလက်ဝဒေသခံတွေကပြောပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “သြဂုတ်လကစလို့ထင်တယ် အခုလို နိုင်ငံကူးလက်မှတ်တွေလုပ်တာ အဓိက သူတို့ထိန်းချုပ်ထားတဲ့ ပလက်ဝ၊ ရခိုင်ပြည်နယ်ဘက်က လူတွေအားလုံး အိန္ဒိယနိုင်ငံ ဒီမီဇိုရမ်ပြည်နယ်ဘက်ကို သွားမယ်ဆိုရင် လုပ်ရမယ်ပေါ့ ဆေးကုသဖို့သွားရင်လည်း ပြန်လာရင် ဆေးလက်မှတ်ပြရမယ် စသဖြင့်ပေါ့ အရင်တုန်းကတော့ မရှိပေမယ့်အခုမှစတင်လုပ်တာဖြစ်တယ် သူတို့က ဒီအဝင်အထွက်တွေကို ထိန်းချုပ်ချင်လာလို့ဖြစ်မယ်” လို့ပြောပါတယ်။
အာရက္ခတပ်တော် (AA) ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ဘက်မှာတော့ အသုံးမဝင်ပေမယ့် မီဇိုရမ်ပြည်နယ်ဘက်ကို ဖြတ်သန်းသွားလာချင်သူတွေကို ရက်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကို ချင်းပြည်နယ် ပလက်ဝဘက်ခြမ်းကနေ ထိန်းချုပ်လာတာဖြစ်ပါတယ်။
AA ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်အတွက် ဓာတ်ပုံ၊ နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်အလက်၊ ခရီးသွားရတဲ့ အကြောင်းအရင်း နဲ့ ခရီးကြာချိန်တွေကို ဖြည့်သွင်းရတဲ့အကြောင်းကိုလည်း သိရပါတယ်။
လက်ရှိယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးနေတဲ့ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာဟာ ပလက်ဝ – မီဇိုရမ်ပြည်နယ်နယ်စပ်မှာတည်ရှိပြီး မီဇိုရမ်ပြည်နယ်ဘက်ကို ဝင်ထွက်သွားလာလို့ရတဲ့ ရေလမ်းကြောင်းဆိပ်ကမ်း နယ်စပ်ကုန်သွယ်ရေးဂိတ် တည်ရှိရာနေရာဖြစ်တယ်လို့လည်းသိရပါတယ်။
အရင်က စက်လှေလိုင်စင်၊ ယှဉ်မောင်းလိုင်စင်တွေကိုသာ ထုတ်ပေးရာကနေ ယာယီနိုင်ငံကူးလက်မှတ်တွေ တဆင့်ပြီးတဆင့်ထုတ်လာသလို သြဂုတ်လအတွင်း စည်းမျဉ်းအသစ်တွေ လိုက်နာရမယ့် စည်းကမ်းတွေ များစွာကိုလည်း အာရက္ခတပ်တော်( AA) ကထုတ်ပြန်ခဲ့တဲ့ကြောင်းကိုလည်း ဒေသခံတွေဆီကနေ သိရပါတယ်။