
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ်အတွင်း တခြားလက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက်တာ၊လက်ခံတာ မပြုလုပ်ဖို့ AA ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့်အကြောင်းကြားထားတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ တဆင့် သိရပါတယ်။
“ပလက်ဝမြို့နယ်အတွင်း ဘယ်တခြားလက်နက်ကိုင်တွေကိုမှ ဝင်ရောက်တာ၊ လက်ခံတာတွေ မလုပ်ဖို့ သူတို့ခန့် အုပ်ချုပ်ရေးမှူးတွေဆီကို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စာနဲ့အကြောင်းကြားတယ်လို့ သိရတယ် AA က ဒီပလက်ဝကို ထိန်းချုပ်ကတည်းက CNA တို့ CDF – (ပလက်ဝ)လက်နက်ကိုင်တွေကို လက်ခံချင်တာမဟုတ်ပေမယ့် အဲဒီတုန်းက အခုလို စာထုတ်အကြောင်းကြားတာမျိုးမရှိဘူး အခုမှ ပေါ်တင်စာနဲ့တကွ အကြောင်းကြားလာတာဖြစ်တယ်” လို့ ပလက်ဝဒေသခံ၁ ဦးက ပြောပါတယ်။
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ်အတွင်း တခြားလက်နက်ကိုင်တွေ ဖြတ်သန်းသွားလာရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အာရက္ခတပ်တော် (AA)ကို အကြောင်းကြားဖို့ အမိန့်ထုတ်တဲ့အပေါ် ကန့်ကွက်ကြောင်း ပလက်ဝကောင်စီ ဒု ဥက္ကဌ Salai Henryက Chin World မီဒီယာကိုပြောပါတယ်။
ပလက်ဝကောင်စီ ဒု ဥက္ကဌ Salai Henry က “ကျနော်တို့လည်း သိရပါတယ် ကျေးရွာအတွင်း တခြားလက်နက်ကိုင်တွေဖြတ်သန်းသွားလာတာမျိုးရှိရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ သူတို့ကို သတင်းပေးပို့ဖို့ အဲလိုမျိုးလုပ်တာက မကောင်းပါဘူး သူလည်းတော်လှန်ရေးလုပ်တယ် ၊ ကိုယ်လည်းတော်လှန်ရေးလုပ်တယ် အခုလိုဒေသန္တရအမိန့်ထုတ်တာက ကန့်ကွက်ပါတယ် အရင်က ကျနော်တို့လိုင်းပေါ်ကနေ သူတို့( AA) နဲ့ ပြောတာက သူတို့ဖြတ်ရင် အကြောင်းကြားဖို့ ကိုယ်ဖြတ်သန်းသွားလာမယ်ဆိုလည်း အကြောင်းကြားဖို့နှုတ်နဲ့ သဘောတူညီတာတော့ရှိတယ် ကျနော်တို့ကတော့ ဖြတ်သန်းသွားလာမှာပါပဲ ဒီချိန်မှာတော့ ပွတ်တိုက်မှုတော့ မဖြစ်ချင်ပါဘူး သွားတာကတော့ သွားရမှာပါပဲ” လို့ပြောပါတယ်။
ပလက်ဝမြို့နယ်တွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ ရှင်းလက်ဝကျေးရွာကို တစ်လတစ်ကြိမ် မပျက်မကွက် အစည်းဝေးတက်ရောက်ဖို့ နဲ့ ဒေသခံဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ အဖြစ် ULA/AA ဆီလျှောက်ရမယ့်အကြောင်း ဒါပေမယ့် လစာကိုတော့ ရပ်ရွာဒေသခံတွေကပဲ ပေးရမှာဖြစ်တဲ့ကြောင်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ပလက်ဝမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းတုန်းက စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အုပ်ချုပ်ရေးတွေကိုလည်း ၎င်းတို့ကပဲ ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်နေကြပါတယ်။