Headlines

ဒိုင်ရ်ဒေသမှာ ရာသီတုပ်ကွေးကြောင့် ဖျားတဲ့ လူနာ ဆက်လက်များနေသေးပြီး ဆေးဝါးအခက်အခဲနဲ့လည်း ကြုံနေရတယ်လို့ ဒေသခံတွေကပြော

စက်တင်ဘာလ ၂၄ ရက်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နဲ့ ပလက်ဝမြို့နယ် အစပ်တွေမှာတည်ရှိတဲ့ ဒိုင်ရ်ချင်းမျိုးနွယ်စုတွေနေထိုင်တဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) မှာ ရာသီတုပ်ကွေး ကြောင့် ဖျားနာတဲ့ လူနာ ဆက်လက်များနေပြီး ဆေးဝါးအခက်အခဲ လည်းရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒိုင်ရ်ဒေသမှာ နေထိုင်သူတစ်ဦးက “လူသေဆုံးမှုတော့ မရှိတော့ဘူး ဒါပေမယ့် အဖျားအနာက တောက်လျှောက်များနေကြတုန်းဖြစ်တယ် တချို့မဖျားသေးတဲ့သူတွေ ဖျားနာကြတာပေါ့ ကူးစက်တဲ့ ပုံစံမျိုးပေါ့ ဖျားနာပြီးသူတွေတချို့က သက်သာကြပြီ လက်ရှိ ဆေးဝါးတွေ သယ်ယူစရိတ်တွေကြောင့် လေး ၊ ငါးဆလောက်ပေးဝယ်ပြီး ဆေးကုသပေးနေရတော့ မလွယ်ဘူး ဆေးဝါးအခက်ခဲဖြစ်တယ် ဒေသအုပ်ချုပ်ရေးဘက်ကိုလည်း တင်ပြထားတာတွေတော့ ရှိတယ် အဖျားအနာတွေက မကျသေးဘူးဆိုတော့ အဓိကတော့ ဆေးဝါး ရရှိဖို့အခက်ခဲတော့ ရင်ဆိုင်နေရတယ်” လို့ပြောပါတယ်။

မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နဲ့ ပလက်ဝမြို့နယ် အစပ်တွေမှာတည်ရှိတဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) မှာ ကလေး ၊ လူကြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ လူနာများခဲ့သလို ပြီးခဲ့တဲ့ ၄ လအတွင်း ကလေးငယ် ၅ ဦးအထိလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ငှက်ဖျား၊ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ကလေးငယ်များ ဖျားနာမှုရှိကာ သေဆုံးမှုရှိခဲ့တာတွေကြောင့် ကျောင်းတွေကိုလည်း ယာယီပိတ်ခဲ့ရပြီး နောက်ပိုင်း အဖျားအနာကြောင့် ကလေးသေဆုံးမှု မရှိတော့တာကြောင့် ကျောင်းတွေကိုလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကစလို့ ပြန်ဖွင့်ပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဒိုင်ရ်လူမျိုးစုတွေ နေထိုင်ကြတဲ့ ဒိုင်ရ်ဒေသမှာ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းကနေ ရာသီတုပ်ကွေး အဖြစ်များခဲ့တာဖြစ်ပြီး နောက်ပိုင်း ပြန်သက်သာပြီး စက်တင်ဘာလ ပထမပတ်လောက်စလို့ ဒုတိယအကြိမ် ငှက်ဖျား၊ သွေးလွန် တုပ်ကွေးတွေ ပြန်အဖြစ်များလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *