Headlines

တမူးမြို့နယ်မှာ ၄ နှစ်ကျော်အတွင်း စစ်တပ်ကြောင့် အရပ်သား ၁၆၁ ဦးသေဆုံးပြီလို့ သိရ

စက်တင်ဘာလ ၁၅ ရက်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်အတွင်း အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ကြောင့် ဒေသခံ ၁၆၁ ဦး သေဆုံးခဲ့တယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) က စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) ရဲ့ အစီရင်ခံစာ စာတမ်းကို ၂၀၁၄ ခုနှစ်ကနေ စတင်ပြီး ၄ လတစ်ကြိမ် ပုံမှန်ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ဒုတိယအကြိမ် ၄ လတာ ကို ပြန်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနဲ့ ၎င်းတို့လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့များ၏ မတရားသတ်ဖြတ်မှုများအပြင် မြေမြှုပ်မိုင်းများကြောင့် အမျိုးသမီးနဲ့ ကလေးငယ်များအပါအဝင် အပြစ်မဲ့ ပြည်သူစုစုပေါင်း ၁၆၁ ဦး သေဆုံးခဲ့ရပြီဖြစ်တယ်” လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) ထုတ်ပြန်ထားပါတယ်။

တမူးမြို့နယ်ဟာ အိန္ဒိယနိုင်ငံ ၊ မိုးရေးမြို့နဲ့ နယ်နိမိတ်ခြင်းထိစပ်တဲ့ နယ်စပ်မြို့ဖြစ်သလို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ စဖြစ်တဲ့ချိန်ကစလို့ တဖက်နိုင်ငံကို ထွက်ပြေးခိုလှုံကြသလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ ယနေ့ချိန်ထိ နေရပ်မပြန်နိုင်တဲ့အပြင် စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာနေပြီး လက်ရှိချိန်ထိ လူဦးရေ ၂၃၀၀၀ ကျော်ရှိလာနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူနေအိမ်တွေ မီးရှို့ခြင်းလက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၂၀ က လူနေအိမ် အဆောက်အဦး ၁၀၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ရေးကြောင့် နေရပ်စွန့်ခွာတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့က ဖျက်ယူတာတွေ လက်ညိုးထိုးပြီး တန်ကြေးသတ်မှတ်ကာ ပြန်ရွေးခိုင်းတဲ့ အခြေအနေတွေထိ ရှိလာနေတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိ တော်လှန်ရေးအင်အားစုတွေဘက်က မြို့သစ်မြို့နဲ့ ခမ်းပါတ်မြို့တွေကို ထိန်းချုပ်နိုင်ခဲ့ပြီး တမူးမြို့ပေါ်ရပ်ကွက်တွေနဲ့ အခြားကျေးရွာ အနည်းကျဉ်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထာားနိုင်တော့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) ကို မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တရားမျှတမှု၊ လွတ်လပ်မှုတွေ ရရှိအောင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ကူကီးလူမျိုးများအပေါ် ဘက်ပေါင်းစုံဖိနှိပ်ခံနေရမှုတွေကို ရပ်တန့်စေရန် စတဲ့ရည်ရွယ်ချက်နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်တနေရာမှာ ၂၀၀၀ ခုနှစ် ၊ ဇန်နဝါရီလ မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အဖွဲ့ဝင်ဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *