

စက်တင်ဘာလ ၂၁ ရက်။
တစ်နိုင်ငံလုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက် အစား လေးပုံ တစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့အချက်ကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက စက်တင်ဘာ ၂၁ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၁) မှာ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့ အချက်ကို ငြိစွန်းရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိ လို့ ပြဋ္ဌာန်းထားချက်ကို ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီဖြစ်ပါက မဲဆန္ဒနယ်အားလုံးရဲ့ လေးပုံတစ်ပုံ မှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့ အချက်ကို အစားထိုး ပြင်ဆင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက စက်တင်ဘာ ၂၁ ရက်မှာ ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း မဲဆန္ဒနယ် (၇၁၂) နယ်မှာ ရွေး ကောက်ပွဲတွေ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
လက်ရှိမှာတော့ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထား တဲ့ တည်ဆဲနိုင်ငံရေးပါတီမှာ ပြည်ထောင်စုတစ်ဝန်းလုံးပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ပါတီ နဲ့ တိုင်း/ပြည်နယ် တစ်ခုမှာသာ ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၁ ပါတီ ရှိတယ်လို့ သိရပါတယ်။