

ယခုနှစ်ကုန်မှာ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာ၊ ဒေသတွင်းနဲ့ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၆ ဖွဲ့က ရွေးကောက်ပွဲအတု လို့ဆိုကာ ကုလသမဂ္ဂအနေနဲ့ လက်မခံဖို့ ဆိုတဲ့အချက်အပါအ၀င် အချက် (၃) ချက်ကို စက်တင်ဘာလ (၄) ရက်နေ့မှာကုလသမဂ္ဂရုံးကို အိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။
အိတ်ဖွင့်တောင်းဆိုစာမှာ စစ်ကောင်စီက “နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ” ကနေ “နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကော်မရှင်” လို့ နာမည်ပြောင်းပေမယ့်၊ ဒီရွေးကောက်ပွဲကို လုပ်ဖို့အတွက် နိုင်ငံတကာဥပဒေအရရော၊ နိုင်ငံရေးအရပါ တရားဝင်မှုမရှိဘူးလို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက သူတို့ထိန်းချုပ်မှုမရှိတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကို အတည်ပြုနိုင်ဖို့ဆိုပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ ပိုပြီးလုပ်ဆောင်နေပါတယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေကိုလည်း ဖိနှိပ်တဲ့ဥပဒေတွေနဲ့ ဖျက်သိမ်းခဲ့ကြောင်း၊၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းကလည်း အခြေခံဥပဒေအတုကို အတင်းအတည်ပြုဖို့ ကြိုးစားခဲ့ကြောင်း၊ ခုလည်း စစ်ကိုင်းငလျင်အပြီးမှာ ကယ်ဆယ်ရေးအကူအညီတွေကို ပိတ်ဆို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒုတိယအနေနဲ့၊ နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့အတွက် လူ့အခွင့်အရေးနဲ့ ဥပဒေကို လုံးဝလေးစားမှုမရှိဘူးဆိုတာ ထင်ရှားတယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ မြန်မာပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အောက်ခြေကနေ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နေတာကို ကုလသမဂ္ဂက အသိအမှတ်ပြုဖို့ ပြောထားပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ပေးနေပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။
တတိယအချက်အနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို သူ့ရဲ့ရာထူးကနေ ဆက်လက်အသိအမှတ်ပြုဖို့လည်း တောင်းဆိုပါတယ်။ ဦးကျော်မိုးထွန်းကို ပြည်သူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ခန့်အပ်ထားတာဖြစ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုက သူ့ရဲ့တရားဝင်မှုကို ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
လက်ရှိကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (Special Envoy) ရာထူးကို ရပ်စဲပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင်က ပြဿနာကို ဦးဆောင်ဖြေရှင်းဖို့လည်း တောင်းဆိုပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်တွေက အကျိုးမရှိခဲ့ဘူးလို့ ပြောပြီး လက်ရှိ အထူးကိုယ်စားလှယ် Julie Bishop ရဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် သူရဲ့ကြားနေမှုအပေါ် စိုးရိမ်မှုတွေရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အိတ်ဖွင့်စာပေးပို့တဲ့အဖွဲ့အစည်းများအနက် ချင်းအရပ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ Chin Human Right Organization – CHRO, Chin Community of Norway, Chin Community of Auckland, India for Myanmar, Zomi Christian Fellowship of Norway, Zomi Community Norway, K’cho Ethnic Association (Europe) တို့ပါ၀င်ပါတယ်။