

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာကြောင့် NLD ပါတီကနေ ထုတ်ပယ်ကြောင်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ဒီကနေစက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်း ပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှာ သိရှိရတဲ့ကြောင်း မင်းအောင်လှိုင်ဦးဆောင်သောစစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်၍ နိုင်ငံတော် အာဏာကိုအဓမ္မလုယူခဲ့ပြီး လွတ်လပ်သန့်ရှင်းတရားမျှတစွာကျင်းပနိုင်ခဲ့သည်ဟု ကမ္ဘာ့နိုင်ငံအသီးသီးမှ အသိ အမှတ်ပြုထုတ်ပြန်ထားခဲ့သော ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကန့်ကွက်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲများကို မတရားဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အာဏာလုအဓမ္မစစ်တပ်က နိုင်ငံရေးတရားဝင်မှုရရှိစေရန်ရည်ရွယ်ပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြံစည်အားထုတ်နေမှုကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားကာလဗဟိုကော်မတီအစည်းအဝေး များတွင် အသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်တားမြစ်ထားပြီးဖြစ်သည်ကို မျက်ကွယ်ပြု၍ စစ်ကောင်စီ၏ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဆုံးဖြတ်ချက်များကိုလိုက်နာခြင်းမရှိသူအဖြစ် သတ်မှတ်ကာ ပါတီမှ ထုတ်ပယ်လိုက်တာလို့ ထုတ်ပြန်ထားပါတယ်။
ဦးစိုးထက် (ခ) ဆလိုင်းမဲဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ချင်းပြည်နယ်မှာ စည်ပင်၊ စက်မှု၊ လျှပ်စစ်ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကိုယ်စားပြု အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ ခူမီးအမျိုးသားပါတီ ( KNP ) ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( NCC) နှင့် ဇိုမီးအမျိုးသားပါတီ ( ZNP) တို့က ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အဲဒီမှာ Chin World Media စုံစမ်းချက်အရ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( NCC) ဥက္ကဌအဖြစ် ဦးစိုးထက်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့တဲ့ ဦးဘွာလ်ဆိုင်လိုတို့က တာဝန်ယူထမ်းဆောင်နေတယ်လို့ သိရပါတယ်။