

ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) အနေဖြင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒနယ် အားလုံး အလစ်လပ်မရှိ ဝင်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဌ ဦးစိုးထက် ထံမှ သိရှိရပါတယ်။
“ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် လေးမြို့နယ် အတွက် တော့ တင်လို့ မရဘူး။ ကျန်တဲ့ ချင်းပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးမှာ ဝင်ယှဉ်ပြိုင်နိုင်ဖို့ ပါတီကနေနဲ့ အမည်စာရင်း တင်သွင်း ထား ပါတယ်” NCC ပါတီ ဥက္ကဌ ဦးစိုးထက်မှ Chin World Media ကို ပြောကြား ခဲ့ပါတယ်။
အမည်စာရင်း တင်သွင်းသည့် ကိုယ်စားလှယ်လောင်း စာရင်း နဲ့ ပတ်သက်ပြီး “ ပါတီ အနေနဲ့ ထုတ်ပြန်ဖို့ မရှိသေး ပါဘူး။ UEC က အောက်တိုဘာလ ၄ ရက်နေ့ အထိ အဆင့်ဆင့် စိစစ်ဖို့ ရှိသေးတယ်။ အဲ အဆင့် ပြီးသွားမှပဲ ထုတ်ပြန်ဖို့ ပါတီ အနေနဲ့ ဆုံးဖြတ်ထားတယ်” လို့လည်း ဦးစိုးထက်မှ ဆက်လက် ပြောကြား ခဲ့ပါတယ်။
ချင်းပြည်နယ်မှာ ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ် နှင့် မတူပီ မြို့နယ် တွေမှာ ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ဘဲ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန် နှင့် တွန်းဇံမြို့နယ်တို့မှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး တစ်ပြည်နယ်လုံးမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၅) နေရာ၊ အမျိုးသား လွှတ်တော်တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၃) နေရာ၊ PR စနစ် ဖြင့် (၆) နေရာ၊ ပြည်နယ်လွှတ်တော် တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၅) နေရာ၊ PR စနစ် ဖြင့် (၉) နေရာ စုစုပေါင်း (၂၉) နေရာ အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ချင်းပြည်နယ် အတွင်း ယှဉ်ပြိုင်မယ့် ပါတီ တစ်ခု ဖြစ်တဲ့ ဇိုမီးအမျိုးသားပါတီ (ZNP) ကတော့ “ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဒေသ အတွက်ပဲ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း ထားပါတယ်။ အဲမြို့နယ်တွေ အတွက်တော့ မဲဆန္ဒနယ် အားလုံး အတွက် ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းထား ပါတယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တွေကတော့ နာမည်စာရင်းတွေ လက်ခံ လိုက်ပါပြီ။ ကိုယ်စားလှယ် ဦးရေ နှင့် နာမည် ကိုတော့ အောက်တိုဘာလ ၄ ရက်နေ့ နောက်ပိုင်းမှပဲ ထုတ်ပြန်ဖို့ စီစဉ်ထား ပါတယ်” လို့ ZNP ပါတီမှ တာဝန်ရှိသူ တစ်ဦးက Chin World Media ကို ပြောကြား ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စု တဝှမ်းလုံး စည်းရုံးမယ့် ပါတီ ၆ ပါတီ၊ တိုင်း သို့မဟုတ် ပြည်နယ် အတွင်း စည်းရုံးမယ့် ပါတီ ၅၁ ပါတီ နှင့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း(၄,၉၆၃)ဦးက အမည်စာရင်းများ ကိုတင်သွင်းခဲ့တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှ စက်တင်ဘာလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပါတီ အလိုက် အမည်စာရင်း တင်သွင်းမှုပြ ဇယား အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်း (၁,၀၁၈)ဦးဖြင့် အများဆုံး ဖြစ်ကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ (၆၉၄)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၂)ဦး၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ (၄၂၈)ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)မှ (၅၈၄)ဦး၊ ပြည်သူ့ပါတီမှ (၅၁၂)ဦး၊ တိုင်း/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ (၉၆၀)ဦးနှင့် တစ်သီးပုဂ္ဂလအဖြစ် (၉၅)ဦးတို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းတင်သွင်းမှုများကို စက်တင်ဘာ ၂၃ ရက်နေ့ မှ အောက်တိုဘာ ၄ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ကြသည့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အသီးသီး၌ စိစစ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိတယ် လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ သတင်းကြေငြာချက်မှာ ပါရှိပါတယ်။