

စက်တင်ဘာလ ၁၄ ရက်။
ချင်းတော်လှန်ရေးအဖွဲ့များအတွင်း အုပ်စုကွဲမှုများကြောင့် အချို့သော ဒုက္ခသည်စခန်းများမှာ အကူအညီခွဲ၀ေမှု မညီမျှခြင်းများ ဖြစ်ပေါ်စေသလို အစားအစာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ ၀န်ဆောင်မှုများရရှိနိုင်မှုမှာလည်း ကွာဟချက်များဖြစ်ပေါ်စေတယ်လို့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Exile Hub ရဲ့ စက်တင်ဘာလမှာ တရား၀င်ထုတ်ပြန်လာတဲ့ သုတေသနစစ်တမ်းမှာဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ ပဋိပက္ခများကြောင့် မြန်မာပြည်မှ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် ခိုလှုံရာ နေရာတစ်ခုဖြစ်လာခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများသည် စနစ်တကျမရှိပဲ ပြန့်ကျဲနေပြီး တစ်သမတ်တည်း မရှိကြောင်း Exile Hub ကဖော်ပြပါတယ်။
အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် လူမျိုးရေးနှင့်နိုင်ငံရေးအမြင်ကွဲပြားမှုများကို ကျော်လွန်၍ အားလုံးပိုမိုပါ၀င်နိုင်ပြီး၊ ပိုမိုပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ပွင့်လင်းမြင်သာတဲ့ ချည်းကပ်မှုများကို ကျင့်သုံးဖို့လည်းလိုအပ်တယ်လို့ Exile Hub ကအစီအရင်ခံစာမှာ တိုက်တွန်းထားဖော်ပြထားပါတယ်။
ကူညီထောက်ပံ့ရေးကွန်ရက်များ ၀န်ပိနေသည့်အပြင်၊ အမေရိကန်ပြည်ထောင်စုမှ အမေရိကန်ဒေါ်လာ ၃၉ သန်းတန်ဖိုးရှိ အကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းက အခြေအနေကိုပိုဆိုးရွားစေပြီး မြန်မာပြည်မှ နေရပ်စွန့်ခွါထွက်ပြေးလာရသည့် အသိုင်းအ၀ိုင်းများစွာအတွက် အစားအစာ၊ အမိုးအကာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စဥ်ဆက်မပြတ်ရရှိရန်လည်းခက်ခဲနေတယ်လို့ Exile Hub အစီအရင်ခံစာမှာဖော်ပြပါတယ်။
လက်ရှိအချိန်မှာ မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာဒုက္ခသည်များဆိုင်ရာ ကော်မတီကဲ့သို့သော အဖွဲ့အစည်းများမှ တစ်ဆင့် ဒုက္ခသည် ၅၀၀၀၀ – ၆၀၀၀၀ ကြားအရေအတွက်အား ထောက်ပံ့ပို့ဆောင်ရေးနှင့် ပစ္စည်းပစ္စယ အကူအညီများပေးအပ်လျက်ရှိတယ်လို့ဆိုပါတယ်။
မီဇိုလူမျိုးများနှင့် ချင်းလူမျိုးများအကြား ရင်းနှီးခိုင်မာတဲ့ လူမျိုးနွယ်တူ ဆက်နွယ်မှုများရှိသော်လည်း အိန္ဒိယနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေဘောင်၊ ကျဥ်းမြောင်းလာသည့် အရပ်ဘက်နယ်ပယ် နှင့် မြန်မာနိုင်ငံ၏ တော်လှန်ရေးအခြေအနေအပေါ် နိုင်ငံရေးအရ သဘောထားမပြတ်သားမှုတို့ကြောင့် ဒုက္ခသည်များတရား၀င်အသိအမှတ်ပြုရေး၊ ကူညီထောက်ပံ့ရေး၊ အကာအကွယ်ပေးရေးများမရရှိသလို ကူညီပေးနေတဲ့ အဖွဲ့အစည်းများလည်း တင်းကျပ်တဲ့ စိစစ်မှု၊ ရန်ပုံငွေနှင့်အခြားအရင်းအမြစ် အကန့်အသတ်များအပြင် တရားဥပဒေဆိုင်ရာမရေရာမှုများကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အစီအရင်ခံစာကဖော်ပြပါတယ်။
Exile Hub မှ သုတေသနကို ဦးဆောင်သူ Yucca Wai က “တရား၀င်စနစ်တွေ ယိုင်နဲ့ပျက်ယွင်းသွားတဲ့အခါ အောက်ခြေက ပြည်သူလူထုအဆင့် ခုခံတော်လှန်မှုနဲ့ လူမှုအသိုင်းအ၀ိုင်းရဲ့ စောင့်ရှောက်မှုတွေကသာ တစ်ခုတည်းသော အားထားရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီအဖွဲ့တွေအပေါ် ကျရောက်လာတဲ့ ၀န်ထုတ်၀န်ပိုးက ရေရှည်ရပ်တည်နိုင်တဲ့ အခြေအနေမရှိပါဘူး။ လူတွေက စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေကြပြီး၊ တစ်ဖက်မှာလည်း ရန်ပုံငွေတွေကလည်း ပြတ်လပ်လာနေပါတယ်။ အခုချက်ခြင်း ကျမတို့ အရေးယူဆောင်ရွက်မှုတွေမလုပ်နိုင်ဘူးဆိုရင် လက်တွေ့မြေပြင်မှာ အလုပ်လုပ်နေတဲ့၊ လည်ပတ်နေတဲ့ တစ်ခုတည်းသော စနစ်တွေကိုပါ ကျမတို့ဆုံးရှုံးရနိုင်ပါတယ်” လို့ပြောပါတယ်။
နယ်စပ်တစ်လျှောက် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေကျယ်ပြန့်လာတဲ့အတွက် အိန္ဒိယအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အတိုက်အခံ အင်အားစုများနှင့် တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံလာခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း ချင်းအမျိုးသားတပ်ဦး၊ အာရက္ခတပ်တော် နှင့် အမျိုးသားညီညွတ်ရေးတို့အပါအ၀င် အထင်ကရ တော်လှန်ရေး အင်အားစုများမှ ခေါင်းဆောင်များနှင့် တရား၀င်အလွတ်တမ်း ဆွေးနွေးမှုများပြုလုပ်လာသလို ထိုသို့ ဆောင်ရွက်လာခြင်းမှာ အိန္ဒိယအစိုးရအနေဖြင့် ၄င်း၏ စီးပွားရေး အကျိုးအမြတ်နှင့် ရှုပ်ထွေးသောပဋိပက္ခပကတိအခြေအနေများကြားတွင် ချိန်ညှိရန် ကြိုးစားလာနေတယ်လို့ အစီအရင်ခံစာမှာဖော်ပြပါတယ်။
Photo By Exile Hub


