Headlines

ချင်းညီနောင်ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်မှု အားလုံးကို တားမြစ်ကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

စက်တင်ဘာလ ၂၅ ရက်။

ချင်းညီနောင်ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်မှု အား လုံးကို တားမြစ်တဲ့အကြောင်း ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး ပြည်သူလူထု သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို အတင်းအဓမ္မ ရယူကြိုးစားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင် ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေစဉ်ကာလအတွင်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ဖမ်းဆီးထားခြင်း၊ နိုင်ငံတဝှမ်းလုံးရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကြပ်တဲ့ ဥပဒေတွေ ချမှတ်ထားခြင်းနဲ့ ပြည်သူကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ မပါဝင်ခြင်းတို့ကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု နဲ့ တရားမျှတမှု မရှိတဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲရလဒ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရဖြစ်မလာစေတဲ့ပြင် ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး နိုင်ငံသားတိုင်း တန်းတူမဲပေးပိုင်ခွင့်မရှိဘဲ နိုင်ငံရေးအရ ထွက်ပေါက်ရှာတဲ့အနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလက်တွဲကာ ဆန့်ကျင်သွားမှာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်း မပြုလုပ်ကြဖို့ မေတ္တာ ရပ်ခံတယ်လို့ ဆိုပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကြောင့် အဖိနှိပ်ခံ ပြည်သူလူထုရဲ့ ဘဝဆင်းရဲဒုက္ခကို မငဲ့ဘဲ စစ်ကော်မရှင်ရဲ့ အတုယောင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရန် ကူညီဆောင်ရွက်ပေးတဲ့ မည်သူကိုမဆို ချင်းညီနောင်အနေဖြင့် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်တဲ့ကြောင်း နဲ့ တော်လှန်ပြည်သူလူထုများအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပါဝင်ဆောင်ရွက်ခြင်း မပြုကြဖို့ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ၉ မြို့နယ်ထဲက မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နဲ့ ဖလမ်းမြို့တို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားပါတယ်။

ချင်းပြည်နယ်မှာ စစ်ကော်မရှင်က ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ် နှင့် မတူပီ မြို့နယ် တွေမှာ ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ဘဲ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန် နှင့် တွန်းဇံမြို့နယ်တို့မှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး တစ်ပြည်နယ်လုံးမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၅) နေရာ၊ အမျိုးသား လွှတ်တော်တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၃) နေရာ၊ PR စနစ် ဖြင့် (၆) နေရာ၊ ပြည်နယ်လွှတ်တော် တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၅) နေရာ၊ PR စနစ် ဖြင့် (၉) နေရာ စုစုပေါင်း (၂၉) နေရာ အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *