
စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ပူးပေါင်းအင်အား ၄၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးဘက်က ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) လက်အောက်ခံ အမှတ် – ၁ စစ်ဒေသ က စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီးရှိ အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာမှ ရိက္ခာရှာထွက်လာသော ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်နဲ့ ကလေးခရိုင် အမှတ် (၅) တပ်ရင်းရဲ့ တပ်ရင်းမှူး ညွှန်ကြားမှုဖြင့် ကလေးခရိုင် အမှတ် (၅၊ ၉) နှင့် ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၃) ဦး ထိခိုက်ဒဏ်ရာရပြီး ပျူစောထီးအဖွဲ့ဝင် (၁) ဦး ဖမ်းဆီးရမိပြီး BA-63 သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခု၊ 7.62 ကျည် (၂၅) တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။