
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကရပ်ကွက်တချို့မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေက လူငယ်ရှိတဲ့အိမ်တွေကို ညပိုင်းမှာ နေအိမ်ပေါ်အထိ တက်ဖမ်းတာတွေလုပ်နေတဲ့အကြောင်း ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “မင်္ဂလာဥယျာဉ်ရပ်ကွက်ထဲမှာ ပျူတွေရှိတဲ့နားပေါ့ ပျူတွေကလည်းသိတယ် အဲဒီအိမ်မှာ ကလေး ၄ ၊ ၅ ယောက်ရှိတဲ့ အဖေကိုလည်း ဆွဲသွားတာ အခုထိပြန်လွတ်လာတာမျိုးတော့ မကြားသေးဘူး နောက်ပြီး စုပေါင်းရုံးမှာ ထောက်ခံစာသွားယူခဲ့တဲ့သူကတွေ့ခဲ့တယ် စစ်မှုထမ်းဆွဲထားလူတွေအများကြီးဘဲလို့ပြောတယ် အမြဲလိုလိုဆွဲနေတာဘဲ သူတို့ရင်းနှီးနေတဲ့ရပ်ကွက်တွေ သိနေတဲ့ နေရာတွေမှာရှိတဲ့သူတွေကိုဆိုရင် တခါမဟုတ် ၊ နှစ်ခါမဟုတ် အိမ်တွေမှာ လာလာဆွဲတယ်လို့ ကြားရတယ် တခြားရပ်ကွက်တွေတော့ သေချာမသိဘူးပေါ့နော်” လို့ပြောပါတယ်။
ကလေးမြို့ထဲက မဂလာဥယာဉ်ရပ်ကွက်နဲ့ အောင်သစ္စာရပ်တွေမှာ ညတိုင်းလိုလို လူငယ်ရှိတဲ့ အိမ်တွေကို တက်ပြီးဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
သြဂုတ်လကနေ စက်တင်ဘာလဆန်းပိုင်းအထိ ကလေးမြို့ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့အတွက် ဒေသခံအမျိုးသား ၆၀ ဝန်းကျင်အထိ ဖမ်းဆီးခံခဲ့ရပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။