Headlines

ကလေးမြို့မှ ချင်းတောင်သို့ ဆန်တင်ပို့ခွင့် စစ်ကောင်စီကန့်သတ်မှု ၁ နှစ်ကျော်ကြာလာသောအခါ

ကိုဇံ (ချင်းတောင်)

၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီ စစ်တပ်ကနေ ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန် သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့တာ ၁ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

မနှစ်၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က စပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း စတာတွေကို ကလေးမြို့ ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များကနေ ချင်းပြည်နယ်ဘက်သို့ သယ်ဆောင်ခွင့် စတင် ပိတ်ပင် ခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြား ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့် ပိတ်ပင် တာမျိုး မလုပ်တော့ ပေမယ့် ဆန်ကိုတော့ ဆက်လက် ပိတ်ပင်ခဲ့ ပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီ စစ်တပ်က ကလေးမြို့ ရှစ်မိုင် စစ်ဆေးရေးဂိတ် ကနေ ချင်းပြည်နယ်သို့ ဆန် သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့တာ တစ်နှစ်ကျော် ကြာလာသည် နှင့်အမျှ ချင်းတောင်နေ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ အခက်အခဲကို ကိုယ်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်း လာခဲ့ရကြောင်း တီးတိန်မြို့နေ ပြည်သူ တစ်ဦး ကပြောကြား လာခဲ့ ပါတယ်။

“ကလေးတက္ကသိုလ် မုခ်ဦးရှေ့ ရှိ စစ်ဆေးရေးဂိတ် ကနေ အဓိက စစ်ဆေးတာပါ။ အစပိုင်းမှာဆို ခရီးသည်တင် ကားတွေ အတော် ဒုက္ခရောက်တယ်။ ပါလာတဲ့ ဆန်အိတ်တွေကို ဂိတ်မှာ ချထားပြီး မြို့ထဲကနေ ပိုင်ရှင်တွေက ပြန်ယူသွားရတဲ့ အထိ တင်းကျပ်ခဲ့တယ်” လို့ ဆန်သယ်ဆောင်ခွင့် စတင်ပိတ်ပင်ခဲ့တဲ့ အခြေအနေကို ကားသမား တစ်ဦးက‌ ပြောပြခဲ့ ပါတယ်။

ရှေ့မှီနောက်မှီ သက်ကြီးသူ ဒေသခံ တချို့ကတော့ ချင်းပြည်နယ်ကို ယခုလို ကုန်စည်တွေ သယ်ဆောင်ခွင့် ပိတ်ပင်တာ ဟာ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်သော်လည်း မြန်မာပြည် လွှတ်လပ်ရေး ရပြီးနောက်ပိုင်း အတွက်တော့ ပထမဆုံး အကြိမ် မဟုတ်ဘူး လို့ ပြောကြပါတယ်။

၁၉၆၂ ခုနှစ်မှာ တော်လှန်ရေး ကောင်စီ က အာဏာသိမ်းပြီး နောက်ပိုင်း ဆယ်စု နှစ် တစ်ခု ကျော်တဲ့ အထိ ချင်းတောင်ကို ဆန်သယ်ဆောင်ခွင့် ပိတ်ပင် ခံခဲ့ရ ပါတယ်။ ယင်းကာလဟာ ဆိုရှယ်လစ် စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ လိုလားတဲ့ Chin Liberation Army တော်လှန်ရေး တပ်ဖွဲ့များ အားကောင်းတဲ့ ကာလလည်းဖြစ်ပါတယ်။ ချင်းပြည်နယ်ရှိ ကုန်စုံဆိုင်ကြီများလည်း ပြည်သူပိုင် သိမ်း ခံလိုက်ရတဲ့ ကာလဖြစ်ပြီး အစိုးရရဲ့ သမဝါယမ ဌာန ကနေ ချပေးတဲ့ ခွဲတမ်းဆန်၊ ဝန်ထမ်းဆန် လောက်သာ တွေ့ရှိ ခဲ့ရ ပါတယ်။

“ကလေးမြို့ မြို့မဈေးမှာ ရောင်းထားတဲ့ ဆန်တွေက အများကြီး ရှိတယ်။ ဈေးသည်တွေကလည်း အတော် ရောင်းထွက် ချင်ကြတယ်။ ဒါပေမယ့် ချင်းတောင် သယ်ဖို့ အခက်အခဲ ဖြစ်တော့ လိုချင်တိုင်း ဝယ်လို့ မရဘူး။ အစိုးရရဲ့ ခွင့်ပြုချက်၊ ထောက်ခံစာ ဘာညာနဲ့ သယ်လို့ ရချင် ရလိမ့်မယ်။ ဒါတွေက ကျေးလက်နေ ပြည်သူတွေ အတွက် အတော် ခက်ခဲတဲ့ လုပ်ထုံးလုပ်နည်းတွေပဲ” လို့ တော်လှန်ရေး ကောင်စီ ခေတ်ကို မှီခဲ့သူ ချင်းတောင် ဒေသခံ အသက် ၇၀ အရွယ် လူကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

ယင်းကာလဟာ ၁၉၆၀ ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ဝါးသီးကာလ ငတ်ဘေး လွန်မြောက်ချိန်ဖြစ် ဒါကြောင့် ဆန် သယ်ဆောင်ခွင့် ပိတ်ပင်မှုက ချင်းတောင် ကနေ ကလေးမြို့ဘက်ကို အစုလိုက်အပြုံလိုက် ရွေ့ပြောင်း နေထိုင်မှု စတင် များပြား စေခဲ့ပါတယ်။ ရွေ့ပြောင်းသူတွေဟာ ကလေးမြို့နယ် ရှိ ကျေးလက် ဒေသများကို ပြောင်းရွေ့ကာ၊ ယာတောများ၊ တောရိုင်းများကို လယ်မြေ အဖြစ် ပြုလုပ်ပြီး အသက်မွေးလာကြ ပါတယ်။ ချင်းတောင်မှာတော့ ဝမ်းစာ မဖူလုံမှုဟာ တနှစ် နဲ့ တနှစ်၊ တရွာ နဲ့ တရွာ မတူညီ ခဲ့ပေမယ့် ရင်ဆိုင်ခဲ့ကြရတာကြောင့် ကလေးမြို့ကနေ နည်းလမ်းပေါင်းစုံ ဖြင့် ဆန်များကို ဝယ်ယူ သယ်ဆောင် ခဲ့ရပါတယ်။

“ဆန်ကို ကားနဲ့ တင်မယ် ဆိုရင် အခု ရှုခင်းသာ နေရာ လောက် အထိပေါ့။ အကောက်ခွန်တွေ လိုက်မမှီတဲ့ နေရာ အထိ မိုးမလင်းခင် ထမ်းပိုး နဲ့ ထမ်းပြီး ပို့ရတယ်။ အဲတုန်းက တောက နက်သေးတယ်။ ခြေလျင် ထမ်းသွားမယ့် သူတွေဆိုရင် အကောက်ခွန် ဝန်ထမ်းတွေ ကင်းမထိုင်ခင် မနက် အစောကြီး လမ်းလွှဲကနေ ထမ်းသယ်ရတယ်” လို့ အဆိုပါကာလမှာ ကိုယ်တိုင် ဆန်သယ်ဆောင်ခဲ့ရသူ ဒေသခံ လူကြီး တစ်ဦးက ပြောကြား ခဲ့ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ တက်လာတော့ ကလေးမြို့ကနေ ချင်းတောင်ကို မှောင်ခိုဆန်ဆန် ဆန်တင်ပို့ခဲ့ရတာလည်း ပြန်ငြိမ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကိုးမိုင်ဂိတ်ဟု အလွယ်ခေါ်ခဲ့တဲ့ ယခု တက္ကသိုလ်မုခ်ဦး ရှေ့ရှိ စစ်ဆေးရေး ဂိတ်ကနေ ချင်းတောင် ပို့ဆောင်မယ့် ကုန်ပစ္စည်း အားလုံးကို စစ်ဆေးလာ ခဲ့ကြ ပါတယ်။

“မဆလ၊ နဝတ၊ နအဖ ခေတ် တလျှောက်လုံး နီးပါး ယခု ရှစ်မိုင်ဂိတ် လို့ ခေါ်တဲ့ နေရာ ကနေ စစ်ဆေးတယ်။ ကုန်ပစ္စည်းရော လူရော စစ်ဆေး ခဲ့တယ်။ လူကျတော့ မှတ်ပုံတင် စစ်တာပေါ့။ ရှစ်မိုင်ဂိတ်က တခေတ်တခါတုန်းက ဆိုရင် နယ်စပ် ဂိတ်လိုပဲ။ ဆန်သယ်ဆောင်တာ ကျတော့ ပိတ်တဲ့ အချိန် ရှိတတ်ပေမယ့် ရက်ရှည်လကြာ ပိတ်တာမျိုး မရှိတော့ဘူး” လို့ အဆိုပါ ချင်းတောင် ဒေသခံ လူကြီးမှ သုံးသပ်ခဲ့ ပါတယ်။

၂၀၀၀ ပြည့်နှစ် အလွန်၊ ၂၀၀၈ အခြေခံဥပဒေ ကို အရှိန်အဟုန် နဲ့ ပြန်လည်ရေးဆွဲ လာတဲ့ ခေတ် ရောက်လာတော့ ချင်းတောင်ခြေ ရှိ ကလေးမြို့ ရှစ်မိုင်ဂိတ် ကနေ နယ်စပ်ဂိတ်လို စစ်ဆေးတာတွေ လျော့ကျ လာခဲ့ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ပြီး နောက်ပိုင်းမှာတော့ ချင်းတောင် နဲ့ကလေးမြို့ဟာ နယ်စပ်ဂိတ်လို စစ်ဆေးတာတွေ မရှိသလောက် ဖြစ်လာခဲ့ပြီး ကုန်စည်များလည်း ကောင်းမွန်စွာ ပုံမှန် စီးဆင်းခဲ့ ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ နဲ့ လူထု အုံကြွမှု ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကလေးမြို့ ရှစ်မိုင်ဂိတ်ဟာ ခရီးသွား ပြည်သူများကို တားဆီး စစ်ဆေးတဲ့ နေရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာ Chinland Council အဖွဲ့က တွန်းဇံမြို့ကို သိမ်းပိုက်ခဲ့ ပြီး မေလ ၂၆ ရက်နေ့မှာ တီးတိန်မြို့တွင်း တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ ပါတယ်။ တီးတိန်မြို့တွင်း တိုက်ပွဲ များ ပြန်လည် တည်ငြိမ်လာပြီး နောက်ပိုင်း နှစ်လ ခန့်အကြာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ က စပြီး စစ်ကောင်စီ တပ်ဖွဲ့များက ကလေးမြို့က ချင်းတောင် သို့ ဆန် အပါအဝင် စားနပ်ရိက္ခာများ နဲ့ တခြား ကုန်ပစ္စည်းတချို့ကို ရှစ်မိုင် စစ်ဆေးရေးဂိတ် ကနေ အဓိက စစ်ဆေးပြီး သယ်ဆောင်ခွင့် စတင် ပိတ်ပင် ခဲ့ပါတယ်။

“ကားသမားတွေက ဆန် တင်မယ် ဆိုရင် တခြား ကုန်ပစ္စည်းတွေနဲ့ ရောတင်ပြီး သယ်သွားကြတယ်။ ပြီးတော့ ဂိတ်တာဝန်ရှိသူတွေနဲ့ ကြိုတင် ညှိနှိုင်းတယ်။ ဂိတ်ကြေးပေး ခဲ့ရတယ်။ ဆန်အိတ် ချည်း ပေါ်တင် တင်သွား တာမျိုးဆိုရင် ပေးမသွားဘူး။ ဆန်အိတ်ချည်း တင်တာ၊ ကြိုတင်မညှိနှိုင်းတာဆိုရင် ကားပါ ဖမ်းသွားတယ်။ သိမ်းသွားတာမျိုးတော့ မလုပ်ဘူး။ လျော်ကြေး ပေးပြီး ပြန်ရွေးခွင့်ပေးတာမျိုး ရှိတယ်။ အဓိက ကတော့ ချင်း ပြည်နယ်ကို တရားဝင် ဆန် သယ်ဆောင်၊ တင်ပို့ခွင့် မပေးတာ ပါပဲ” လို့ ချင်းတောင် သယ်ယူ ပို့ဆောင်ရေး နဲ့ နီးစပ်သူ တစ်ဦး က ပြောကြား ခဲ့ပါတယ်။

၂၀၂၅ မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကောင်စီ စစ်သားများ ကလေးမြို့ ကနေ ချင်းတောင်သို့ စစ်ကြောင်းထိုး လာတာကြောင့် ချင်းပြည်နယ် မြောက်ပိုင်း၏ အဓိက အကျဆုံး လမ်းမကြီး ဖြစ်တဲ့ ကလေး-သိုင်းငင်းလမ်း ဟာ ၃ လခန့် ကြာလာသည် ပြန်လည် အသုံးပြု နိုင်ခြင်း မရှိသေးဘဲ စစ်ကော်မရှင် စစ်သားများမှ ပိတ်ဆို့ နေခဲ့ ပါတယ်။ ကလေးမြို့ကနေ ချင်းတောင်ကို သွားရောက်မည့် ခရီးသည်များ အနေဖြင့် တခြားကွင်းလမ်းများ အသုံးပြုရ သလို ကုန်စည် သယ်ဆောင်တဲ့ ကားကြီးများကလည်း ကလေး-ဝေဘူလ-ဗားရ် လမ်းကြောင်း ဖြင့် ချင်းပြည်နယ် မြောက်ပိုင်း လမ်းကြီး နဲ့ ပြန်ဆက်ကာ သယ်ယူ ပို့ဆောင် နေခဲ့ ရပါတယ်။ ကလေးမြို့နဲ့ အနီးဆုံးဖြစ်တဲ့ ချင်းပြည်နယ် မြို့နယ် ရုံးစိုက်ရာ မြို့ ဖြစ်တဲ့ တီးတိန်မြို့ အထိ ဆန်တစ်အိတ် အတွက် ကုန်ကျတဲ့ တန်ဆာဟာ ကျပ် ငါးသောင်းခန့် ကုန်ကျခဲ့ ပါတယ်။

“စစ်ကော်မရှင် စစ်တပ်ရဲ့ ဂိတ်တွေရော၊ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ဂိတ်တွေပါ ဂိတ်ကြေး ပေးရတယ်။ အဲတာကြောင့် တန်ဆာက အဆမတန် တက်သွားတာ။ ဆီဈေးတက်တာလည်း ပါတာပေါ့။ အာဏာမသိမ်းခင် ဆန် တအိတ်ရဲ့ တန်ဆာက ကျပ် ၂၀၀၀ ပဲ ပေးရတယ်။ အခုက ကျပ်ငါးသောင်း တောင် မသေချာ တော့ဘူး” လို့ တီးတိန်မြို့ကို ပြေးဆွဲ နေတဲ့ ကုန်တင်ကား ယာဉ်မောင်း တစ်ဦးက ပြောကြား ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နဲ့ နယ်နိမိတ် ထိစပ်တဲ့ ချင်းပြည်နယ် အနောက်ဘက်ခြမ်းဒေသရှိ ရွာတွေကတော့ တဖက် နိုင်ငံကနေ ဆန်တွေ တင်ပို့ရတာကြောင့် ဝမ်းစာ ပြတ်လပ်တာမျိုး မရှိဘူး လို့ ဆိုပါတယ်။ “အရင်ကဆို ငွေလဲနှုန်းနဲ့ တွက်ရင် အိန္ဒိယ နိုင်ငံ ဘက်က‌နေ ဆန်ဝယ်တာက ဈေးကြီးတယ်။ အခုကျတော့ ပြည်မ ဆန်တွေ ချင်းတောင် သိပ် မရောက် နိုင်ဘူး။ ဆန်ဈေးတက်တာ မဟုတ်ဘဲ သယ်ယူ စရိတ် တက်လာတာ ဆိုတော့ အန္ဒိယ ဘက်က‌နေ ယူရင် ဈေးက ဘာမှ သိပ် မထူး တော့ဘူး” လို့ မဏိပူမြစ် အနောက်ဘက်ကမ်းရှိ ရွာတရွာမှ ပြည်သူတစ်ဦးက ပြောကြား ခဲ့ပါတယ်။

ဟားခါးမြို့နေ ပြည်သူ တစ်ဦး ကတော့ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ ဟားခါးမြို့ရဲ့ ဆန် တင်သွင်းရောင်းချ မှု နဲ့ ပတ်သက်ပြီး “ဆန် ကတော့ ဟားခါးမြို့မှာ လုံလုံလောက်လောက် ရှိပါတယ်။ ဈေး နည်းနည်း များတယ်။ ဆန်ကြမ်းက တအိတ်ကို ကျပ် တစ်သိန်း ခွဲ ကနေ စပါတယ်။ ဆန်ချောတွေ ဆိုရင် ကျပ် နှစ်သိန်းခွဲ ထိ ပေးရတယ်။ ဆန်သယ်ဆောင်ခွင့် မပိတ်သေးတဲ့ ဂန့်ဂေါ်ကို ဖြတ်ပြီး အောက်ပြည်က ဆန်တွေ ရောက်လာတယ်။ ကလေးမြို့ဘက် ကနေ ဆန်သယ်ဆောင်ခွင့် ပိတ်ထား ပေမယ့် သူ့နည်းသူ့ဟန်နဲ့ ရောက်လာ ခဲ့တယ်။ လမ်းစရိတ် အရမ်းကြီးတော့ ဟားခါးကနေ ဈေးကြီး ပေးဝယ်ရတယ်။ အခြေခံလူတန်းစားတွေ အတွက် အတော်လေး ခက်ခဲတယ်” လို့ ပြောကြား ခဲ့ပါတယ်။

“ကလေးမြို့ကနေ ဆန်စပိတ်တော့ တီးတိန်မြို့မှာ အတော် ဒုက္ခရောက်ခဲ့တယ်။ မနှစ်ကဆို ဝယ်ဖို့ မရှိတဲ့ အထိ ပြတ်လပ်ခဲ့ပြီး ဈေးလည်း ထောင်တက်သွားတယ်။ လက်ရှိမှာတော့ ကလေးမြို့ဘက် ကရော၊ အိန္ဒိယ ဘက်ကပါ ဆန်တွေ ဝင်လာခဲ့တယ်။ စစ်ကြောင့်ရော၊ အခုလို အထွေထွေ အခက်အခဲတွေကြောင့်ပါ နဂိုမြို့နေ လူထုရဲ့ ၄၀% လောက်က မြို့ကို စွန့်ခွာခဲ့ရတယ်။ ဈေးကြီးပေး ဝယ်ရပေမယ့် ဆန်တွေက လက်ရှိ အတွက် လုံလောက်တယ်။ နဂို မြို့နေ လူဦးရေ နဲ့ ဆိုရင်တော့ လက်ရှိ ရောက်လာနိုင်တဲ့ ဆန် ပမာဏက လိုအပ်တဲ့ဆန်ပမာဏကို ဖြည့်ဆည်း ပေးနိုင်မှာတော့ မဟုတ်ဘူး” လို့ မြို့ခံ တစ်ဦးက လက်ရှိ တီးတိန်မြို့ရဲ့ ဆန်ဖူလုံမှု အခြေအနေကို သုံးသပ် ပြောကြား ခဲ့ပါတယ်။

ကလေးမြို့ကနေ ချင်းတောင်ကို ဆန်သယ်ဆောင်ခွင့် ပိတ်ပင်တာ တနှစ် နှင့် တလ ပြည့်လာချိန်မှာတော့ ကလေးမြို့မှာ ကျပ် တစ်သိန်း နှစ်သောင်း ခန့်ရှိတဲ့ ဆန်တအိတ်ဟာ တီးတိန်မြို့မှာ ကျပ် တစ်သိန်း နဲ့ ခုနစ်သောင်း ခန့်ဖြင့် ဝယ်နေခဲ့ရပါတယ်။

ချင်းပြည်နယ်ရှိမြို့များထဲမှာ တီးတိန်မြို့ဟာ ကလေးမြို့နဲ့ အနီးဆုံး မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်ပြီး လက်ရှိမှာ တောလမ်းများကို ကွင်းလမ်း အဖြစ် အသုံးပြုခဲ့ တာကြောင့် ခရီးရှည်ကြာ ခဲ့ပေမယ့် လက်ရှိမှာ ပိတ်ထားခဲ့တဲ့ ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးဟာ ၅၇ မိုင်သာ ရှည်လျားပြီး ၃ နာရီခွဲ ခန့် သွားခဲ့ ရ ပါတယ်။

ကိုဇံ (ချင်းတောင်)

Leave a Reply

Your email address will not be published. Required fields are marked *