Headlines

ကလေးမြို့ပေါ်မှာ အင်တာနက် ၊ ဖုန်းလိုင်းတွေ ပြတ်တာ ၆ ရက်ရှိသွားပြီဖြစ်ပြီး ဒေသခံတချို့ အချိန်အကန့်သတ်ဖြင့် ငွေကြေးပေးပြီး အင်တာနက်လိုင်း အသုံးပြုနေရ

OLYMPUS DIGITAL CAMERA

စက်တင်ဘာလ ၁၉ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ၆ ရက်တာ ရှိသွားပြီဖြစ်ပြီး ဒေသခံတချို့အနေနဲ့ အင်တာနက်လိုင်း ကို အချိန်အကန့်သတ်ဖြင့် ငွေကြေးပေးပြီး အင်တာနက်လိုင်း သုံးနေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “ကျနော်တို့ နယ်ဘက်မှာက စတားလင့်ရတော့ ကိစ္စမရှိဘူး မြို့ထဲမှာက အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဖြတ်ထားတာ ၆ ရက်ရှိပြီ အော်ရီဒူးကတော့ ပေါ်လိုက် ပျောက်လိုက်မကောင်းဘူး ၊ Mytel fiber တွေတော့ရတယ် လက်ဖက်ရည်ဆိုင်၊ ငွေလွှဲငွေထုတ်ဆိုင်တွေမှာတော့ သုံးကြတယ် တချို့ဆိုင်လဲ စတားလင့်ရတယ်လို့ ကြားတယ် ဒါပေမယ့် သေချာတော့ မသိဘူး။ မြို့ထဲမှာ တချို့လဲ တနာရီဘယ်လောက်နဲ့ သွားသုံးကြတယ် အင်တာနက်လိုင်းရတဲ့ အိမ်တွေကို ခနတဖြုတ်သုံးတာမျိုးတွေက ရက်ကြာလာရင် ပိုင်ရှင်တွေဘက်က မြင်လာမှာလေ ဆိုတော့ တချို့လည်း လိုင်းသုံးချင်လို့ လဖက်ရည်ဆိုင်ထိုင်သုံးရတာလည်း ရှိတယ်” လို့ပြောပါတယ်။

လက်ရှိ ကလေးမြို့နယ်မှာ တိုက်ပွဲတွေ လက်တလောမှာမရှိပေမယ့် ကလေးမြောက်ပိုင်း နန်းဟန်နွဲဘက်ကိုတော့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ ကား အဝင်အထွက်မပြတ်ရှိတာတွေတော့ ရှိတယ်တဲ့ကြောင်းနဲ့ သူတို့ ( စစ်ကောင်စီတပ်ဖွဲ) အနေနဲ့ အကြောင်းကိစ္စရှိရင် ဖုန်းလိုင်း အင်တာနက်လိုင်းတွေကို မကြာခဏ အခုလို ပိတ်လေ့ရှိတယ်လို့လည်း ဒေသခံတွေ ဆီကနေသိရပါတယ်။

“ ဘာကြောင့်အခုလို ပိတ်တယ်ဆိုတာ သေချာမပြောနိုင်ပေမယ့် သူတို့ ( စစ်ကောင်စီ) တပ်ဖွဲ့ဘက်က သူတို့အကြောင်းကိစ္စရှိရင် ပိတ်တာတွေက မကြာခဏ လုပ်လေ့ရှိတယ် သူတို့စစ်ရေးပြင်ဆင်တာတွေနဲ့ ဆက်စပ်မှုလည်း ရှိနိုင်တာပေါ့ သေချာတော့ မသိပေမယ့်” လို့ကလေးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *