
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး – ဂန့်ဂေါ ကားလမ်းမပေါ်က ကြံသာရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်၊ ပျူစောထီး အင်အား ၂၀၀ လောက်နဲ့ စက်တင်ဘာလ ၅ ရက်နေ့က ဒီကနေ့ချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေ ပြောပြချက်အရ သိရပါတယ်။
စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက “ တိုက်ပွဲဖြစ်တာက သြဂုတ်လကတည်းက စဖြစ်တယ်ဆိုပေမယ့် အဲလောက်ကြီးမဟုတ်ဘူး ထိုးစစ်ဆင်တာမျိုးမဟုတ်ဘူးပေါ့ နားလိုက်တိုက်လိုက်နဲ့ပေါ့ ဒီလစက်တင်ဘာလ ၅ ရက်နေ့ကစလို့ က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတယ်လို့ ပြောတယ် ၂ဖက်တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ သိရတယ်” လို့ပြောပါတယ်။
ကလေး – ဂန့်ဂေါအကြားက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) ၊ ပျူစောထီးစိုးမိုးတဲ့ ကြံသာရွာတွေကို Chinland Defense Force , Kalay – Kabaw – Gangaw (CDF – KKG) Major Operation အဖြစ် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အပြင် ABSDF/ ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစု၊ နဂါးနီညီနောင် စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂ လအတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ရေး၊ နိုင်ငံရေးအရ ဗျူဟာကျတဲ့ ကလေး – ဂန့်ဂေါလမ်းကို စစ်ကောင်စီဘက်လည်း လာမယ့်ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ရရှိနိုင်ရေး အတွက် အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်း ဖြစ်တယ်လို့ သိရပါတယ်။