

Zomi Music Uplift Society (ZOMUS) မှ အဆိုပြိုင်ပွဲ Season 3 အဖြစ် ပြုလုပ်ခဲ့တဲ့ Global Zomi Lengthe 2025 သီချင်း အဆို ပြိုင်ပွဲဖိုင်နယ်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းမှာ မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ HGH Convention Centre Sentul တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး Lia Huaisen (Malaysia) မှ Winner ဆုရရှိသွားကြောင်း၊ ကွယ်လွန်ခဲ့ပြီး ဖြစ်တဲ့ ဇိုမီး တေးဂီတ အနုပညာရှင်များ ကို The Evergreen Award ကိုလည်းကောင်း၊ သက်ကြီး ဇိုမီး တေးဂီတ အနုပညာရှင်များကို Lifetime Achievement Award ကိုလည်းကောင်း ချီးမြှင့် ခဲ့ကြောင်း Global ZOMUS ၏ တိုက်ရိုက် ထုတ်လွင့်ချက်များ အရ သိရှိရပါတယ်။
ပြိုင်ပွဲကို သက်ဆိုင်ရာ နိုင်ငံ အသီးသီး ကနေ အသံ စစ်မှု အောင်မြင်သူ ၂၀ ဦး ဖြင့် မလေးရှား နိုင်ငံတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး မလေးရှား နိုင်ငံကနေ ၅ ယောက်၊ မြန်မာနိုင်ငံ ကနေ ၄ယောက်၊ အိန္ဒိယ နိုင်ငံ ကနေ ၄ ယောက်၊ အမေရိကန် ပြည်ထောင်စုကနေ ၃ ယောက်၊ စင်္ကာပူ နိုင်ငံကနေ ၁ယောက်၊ ဉရောပ နိုင်ငံ ဘက်ကနေ ၁ ယောက် နှင့် ဩစတေးလျ နိုင်ငံ ကနေ ၂ ယောက် စသဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့တယ် လို့ ZOMUS အဖွဲ့ရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။
Top 5 ပြိုင်ပွဲ အတွက် ယှဉ်ပြိုင်မှုကို ဇူလိုင် ၂၄-၂၆ အတွင်း သုံးရက်ကြာ ပြုလုပ်ခဲ့ပြီး ဖိုင်နယ် ပွဲကြီးကိုတော့ ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းမှာ ကွာလာလမ်ပူမြို့ရှိ HGH Convention Centre Sentul ခန်းမ မှာ ပြုလုပ်ခဲ့ပြီး ပရိသတ် ပေါင်း တစ်သောင်းခန့် တက်ရောက် အားပေး ကာ ဇိုမီး သီချင်း (Zola) သီးသန့်ဖြင့် ယှဉ်ပြိုင်ခဲ့တယ်လို့လည်း သိခဲ့ရ ပါတယ်။
Global Zomi Lengthe 2025 ရဲ့ Winner ရရှိသွားတဲ့ Lia Huaisen ကတော့ Winner ဆုတံဆိပ် နဲ့ ဆုကြေး ဒေါ်လာ ၁၀၀၀၀ ကို ဆွတ်ခူး ခဲ့ပါတယ်။
Global Zomi Lengthe 2025 ရဲ့ Grand Finale ပွဲကြီးမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဂီတပညာရှင် နှင့် ဂီတသမား Zalian, Bony, Jekhe, Khuppi အစ ရှိသည်များ၊ တေးရေးတေးဆို များ ဖြစ်ကြတဲ့ ဇိန်ဇမာန်၊ စီယံ၊ TSKhai, Lengtong Pauno အစရှိသည်များ အပါအဝင် ကွယ်လွန်သွားပြီ ဖြစ်တဲ့ အောင်မြင်ကျော်ကြားသော ဇိုမီး တေးရေးတေးဆို၊ ဂီတပညာရှင်၊ vocal band အဖွဲ့ဝင်များ၊ Music band အဖွဲ့ဝင်များ စသည်ဖြင့် တေးဂီတ အနုပညာရှင် ၂၅ ဦးကျော် ကို The Evergreen ZOMUS Award ကို ချီးမြှင့် ခဲ့ပါတယ်။
ဒါ့အပြင် သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်တဲ့ Lazy Club မှဘေ့စ်ဂီတာ သမား ကျင့်ပိ (Gin Suan Cin), Emperor မှ ကျင့်ခန့်ပုမ်း နှင့် တေးရေးတေးဆို စွယ်စုံရ အနုပညာရှင် Lengtong Kam Khen အပါအဝင် အောင်မြင်ကျော်ကြားသည့် သက်ကြီး တေးဂီတအနုပညာရှင် ၁၅ ဦးကိုလည်း Lifetime Achievement Award ဆုတံဆိပ်များကို ZOMUS အဖွဲ့မှ ချီးမြှင့်ခဲ့ကြောင်း တိုက်ရိုက် ထုတ်လွင့်မှုများ မှ သိရှိရပါတယ်။