Headlines

CDF-Mara နဲ့ MDF တို့အကြားဖြစ်တဲ့ တိုက်ပွဲမှာ အာရက္ခတပ်တော်(AA) လုံးဝပါဝင်ပတ်သက်တာမရှိကြောင်း ULA/AA ပြော

ဩဂုတ်လ ၁၁ ရက်။

ချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ IMC / CDF – Mara တပ်ဖွဲ့နဲ့ MTC / Mara Defense Force ( MDF) တို့အကြား ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေမှာ CDF-Mara ထုတ်ပြန်ထားသကဲ့သို့ အာရက္ခတပ်တော်(AA)အနေနဲ့ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရဲ့ (၁၀) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ULA / AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မရာနယ်မြေမှာ MDF ဘက်ကနေပြီး AA က စစ်ကူတိုက်တယ်ဆိုပြီး ဒီစွပ်စွဲချက်က အခြေအမြစ်မဲ့တဲ့ စွပ်စွဲချက်ဖြစ်ပါတယ် ဘာလို့လဲဆိုရင် ဒီစွပ်စွဲချက်ကို ဘာရည်ရွယ်ချက်နဲ့ပြောနေလဲဆိုတာတောင်မှ ကျနော်က ပြန်ပြီးတောင် မေးခွန်းထုတ်ချင်ပါတယ် ၊ ဘာဖြစ်လို့လဲဆိုရင် အကယ်သာ ULA / AA ဟာ ဝင်ပြီးရင် MDF ဘက်က တိုက်တယ်ဆိုရင် အခုစွပ်စွဲနေတဲ့ အဖွဲ့အစည်းရဲ့ ဌာနချုပ်လည်း ရှိတော့မှာမဟုတ်ပါဘူး ကျနော်တို့ ULA/AA အနေနဲ့ သူတို့ အချင်းချင်းဖြစ်နေတဲ့ သူတို့ရဲ့ အတွင်းကိစ္စမှာ ကျနော်တို့အနေနဲ့ လုံးဝပါဝင်ပက်သက်မှု မရှိပါကြောင်းပြောကြားချင်ပါတယ်၊ နောက်တစ်ခုက ချင်းညီနောင်ကို ကျနော်တို့ ULA/AA ကကူညီပေးနေတယ်ဆိုတာက အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို ချင်းပြည်ထဲက မောင်းထုတ်ဖို့အတွက် ကျနော်တို့က စေတနာသန့်သန့်နဲ့ ကူညီပေးနေတာဖြစ်ပါတယ် သူတို့အချင်းချင်းဖြစ်တဲ့ကိစ္စမှာ ကျနော်တို့အနေနဲ့ လုံးဝပါဝင်ပတ်သက်မှုမရှိဆိုတာကို ကျနော်ပြောချင်ပါတယ်” လို့ပြောပါတယ်။

Chinlan CounciL အဖွဲ့ဝင်ဖြစ်တဲ့ IMC / CDF – Mara တပ်ဖွဲ့ နဲ့ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ MTC / MDF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကစလို့ ချင်းပြည်နယ် မရာနယ်မြေမှာ နှစ်ဖက်အဖွဲ့အစည်းအကြား ထိတွေ့တိုက်ပွဲတွေ စဖြစ်ခဲ့ပြီး နောက်ပိုင်း မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *