


Chin World Media
၁၉၈၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံ တ၀န်းမှာ ကျောင်းသားပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ချင်းကျောင်းသားခေါင်းဆောင် အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) နဲ့ ချင်းအမျိုးသားသမဂ္ဂ (CSU) တို့မှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဆလိုင်းငိုင်ဆာ့ခ်နဲ့ အဲ့ဒီအချိန်က”၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု”အကြောင်းတွေကို လွန်ခဲ့တဲ့၂၀၂၀ခုနှစ် သြဂုတ်လ ၆ ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ အဲ့ဒီတုန်းက ချင်းကျောင်းသားသမဂ္ဂ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) မှာ ပါဝင်လှုပ်ရှားဖြစ်ခဲ့ပုံတွေကို ပြောပြပါဦး။
ဖြေ။ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ချင်းကျောင်းသားတွေကော၊ အပြင်က မြို့မိမြို့ဖတွေကော အများကြီးလှုပ်ရှားကြတယ်။ ပထမဆုံးအနေနဲ့ ချင်းကျောင်းသားအကြောင်းပြောရရင်- ကျနော်တို့တတွေ ချင်းကျောင်းသားများသမဂ္ဂ (CSU) ကိုဖွဲ့ခဲ့တယ်။ ရွှေဘုံသာလမ်းမှာရှိတဲ့ ချင်းပြည်နယ် သမအသင်းရုံးကို ရုံးခန်းအနေနဲ့ လုပ်ခဲ့တယ်။ ပြီးတော့ မကသရဲ့ ၁၁၉ ဦးကော်မတီကိုလည်း ကိုယ်စားလှယ် နှစ်ယောက်ပါဝင်ခဲ့တယ်။ ကျနော်နဲ့ တာန်ကင်ခန့်ခိုင်တို့ပါ။ မကသ ရဲ့ ၁၁၉ ဦးကော်မတီက စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမမှာ အစည်းအဝေးလုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့က ဦးနုနဲ့ ကြားဖြတ်အစိုးရ မဖွဲ့ချင်ဘူး။ ဒါကြောင့် သူတို့ကို ဘယ်လိုစည်းရုံးကြမလဲပေါ့။ ကြားဖြတ်အစိုးရရှိပြီဆိုရင် အမေရိကန်အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြု ကူညီကြမယ်။ ဒါကြောင့် ဦးနု၊ ဗိုလ်မှူးအောင်၊ ဝိဓူရသခင်ချစ်မောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ပေါင်းပြီး ကြားဖြတ်အစိုးရဖွဲ့နိုင်ရင် ကျွန်တော်တို့ ဒီမိုကရေစီ လွယ်လင့်တကူရမယ်။ အဲ့ဒီနေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက် ပါတယ်။ သေနတ်ကျည်ဆန်တွေကြားထဲမှာ လွတ်အောင် ထွက်ပြေးခဲ့ကြရတယ်။
မေး။ ။ ချင်းအမျိုးသားသမဂ္ဂ (CSU) အနေနဲ့ လှုပ်ရှားခဲ့ကြတာတွေကကော ဘယ်လိုတွေမျိုးလဲ။
ဖြေ။ ။ နောက်တခုက ချင်းစစ်သားတွေက ကျောင်းသားတွေကို သေနတ်နဲ့ ပစ်သတ်တယ်လို့ ကောလဟာလထွက်ခဲ့တယ်။ ဒါကြောင့် ချင်းလူမျိုးတွေ စိတ်ချလုံခြုံမှု မရှိတော့ဘူး။ ချင်းလူမျိုးတွေကို သတ်ရမယ်လို့ ပြောတာတွေ ရှိလာတယ်။ ဒါကြောင့် CNU ချင်းအမျိုးသားသမဂ္ဂ ကို ဦးနန်လျန်းထန်၊ ဆလိုင်းရမ်လိန်မှူန်း၊ ကျနော်၊ ဆလိုင်းလျန်မှူန်း၊ ဒေါက်တာထန်ခန့်စွမ်၊ ဆရာပါမွှန်တို့တတွေ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တယ်။ ဒီအဖွဲ့အနေနဲ့ ရန်ကုန်မြို့အနှံ့ ဆန္ဒပြပါဝင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ သွားတဲ့လမ်းကြောင်းအတွက် ရှေ့ပြေးတွေကိုထားတယ်။ ဥပမာ- အင်းစိန် လမ်းသစ်လမ်းကနေ သွားတယ်ဆိုရင်အဲ့ဒီမှာ စည်းရုံးရေးမှူးတယောက်ရှိတယ်။ အလုံလမ်းမှာ စည်းရုံးရေးမှူး၊ ဗိုလ်ချုပ်လမ်းမှာ စည်းရုံးရေးမှူး ဆိုပြီး လမ်းကြောမှာရှိတဲ့ ချင်းလူမျိုးတွေကို ဖိတ်ခေါ်ထားတယ်။ သူတို့စည်းရုံးဖိတ်ခေါ်ထားသူတွေက ပါဝင်ပူးပေါင်းရင်းနဲ့ ကျွန်တော်တို့ လူအုပ်ကလည်း မသေးပါဘူး။ အဲ့ဒီလိုမျိုးတလလောက်လုံးလုံး လှုပ်ရှားခဲ့ကြပါတယ်။
သွေးဆူနေသူတွေရဲ့ လက်ချက်တွေကနေ ချင်းလူမျိုးတွေကို ကျွန်တော်တို့ ကယ်တင်နိုင်ခဲ့ပါတယ်။ “ချင်းစစ်သားတွေက ကျောင်းသားတွေကို သတ်တာမဟုတ်ဘူး” ဆိုပြီး ဆိုင်းဘုတ်တွေကိုလည်း ကျွန်တော်တို့ ကိုင်စွဲတယ်။ ဆရာဒေါ်လာတို့ဆိုရင်လည်း ချင်းဝတ်စုံအပြည့် လှံတံနဲ့ လံကွပ်တီနဲ့ အားရပါးရ လက်သီးလက်မောင်းတွေတန်းတော့ ပရိတ်သတ်တွေကလည်း လက်ခုပ်လက်ဝါးတွေနဲ့ အားပေးကြတယ်။
အဲ့ဒီလို ကောလဟာလတွေကို ချေဖျက်သလို၊ အဲ့ဒီခေတ် နိုင်ငံရေးကြွေးကြော်သံတွေဖြစ်တဲ့ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” “အာဏာလုံးဝလွှဲပြောင်း ပေးရေး” “အစိုးရ ချက်ခြင်း နှုတ်ထွက်ပေးရေး” အစရှိတဲ့ ဒီမိုကရေစီတောင်းဆိုမှုတွေကို တခြားတိုင်းရင်းသားတွေနဲ့ တန်းတူ လှုပ်ရှားပါဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
မေး။ ။ အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လှုပ်ရှားပတ်သက်ခဲ့မှုအပိုင်းတွေရှိရင်လည်း ပြောပြပါဦး။
ဖြေ။ ။ ဒီအပိုင်းမှာပြောပြချင်တာတခုက ကျနော်တို့ ချင်းလူမျိုးတချို့အပါအဝင် သိတာမှားနေတာ တခုရှိပါတယ်။ အဲ့ဒါကတော့ ကျနော်တို့တတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံပြီး ခင်းတဲ့လမ်းမှာ မျှောပါနေသူတေလိုမျိုး မြင်နေကြတာကိုပါ။ အဲ့ဒီအမြင်က မှားပါတယ်။ ကျနော်တို့ ချင်းကျောင်းသားတွေအပါအဝင် မြန်မာနိုင်ငံက ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ပြီး ဖိတ်ခေါ်ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး စိတ်မဝင်စားပါဘူး။ သူ့အမေ နေမကောင်းလို့ ပြန်လာတာဖြစ်ပြီး၊ အစပိုင်းမှာလည်း ပါဝင်ဖို့ တလျှောက်လုံးငြင်းဆိုခဲ့တယ်။ ကျနော်တို့က လူထုကို စကားလေးတခွန်းလောက်တော့ ပြောပေးပါဆိုပြီး တောင်းဆိုခဲ့ကြရင်းနဲ့ လူထုရဲ့ ထောက်ခံမှုကို တွေ့ပြီး အဲ့လိုနဲ့ နိုင်ငံရေးလောကထဲ ဝင်လာတာသာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က သူ့အတွက် လမ်းခင်းပေးခဲ့ကြသူဆိုရင် ပိုမှန်ပါမယ်။
မေး။ ။ CNU လှုပ်ရှားမှုက နောက်ပိုင်းဘယ်လို ရပ်တန့်သွားပါသလဲ။
ဖြေ။ ။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်တယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ကျနော်တို့ CSU အစည်းအေဝးကို တကြိမ်ထပ်ခေါ်ပြီးတော့ ဆက်လက်သွားရမယ့် နိုင်ငံရေးရေစီးကြောင်းမှာ ချင်းနိုင်ငံရေးပါတီတရပ်အနေနဲ့ ရပ်တည်သွားဖို့ လိုတယ်ဆိုပြီး သဘောတူချက်နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ကို ဖွဲ့တယ်။ CNU ဥက္ကဌဖြစ်တဲ့ ဦးနန်လျန်းထန်ကတော့ အစိုးရဝန်ထမ်းအလုပ်ကို ပြန်ဝင်တယ်။ CNLD ကို ဆလိုင်းရမ်လိန်မှူန်းဥက္ကဌ၊ ဆလိုင်းလျန်မှူန်း ဒုဥက္ကဌနဲ့ ကျနော် အထွေထွေအတွင်းရေးမှူးဆိုပြီး ဖွဲ့ခဲ့ကြပါတယ်။
CNU လှုပ်ရှားမှုကနေ ချင်းလူမျိုးအကြား စည်းလုံးမှုကိုလည်း ဖော်ဆောင်နိုင်ခဲ့တယ်။ ရန်ကုန်မြို့မှာနေတဲ့ ချင်းလူမျိုးတွေ တယောက်နဲ့တယောက် မတွေ့ဖြစ်၊ မသိဖြစ်ကြတာတွေလည်း သိကျွမ်းခင်မင်လာကြတယ်။ အရှို၊ ရခိုင်ဘက်က ချင်းလူမျိုးတွေထိ ပါဝင်ခဲ့တယ်။ နောက်တခုက ကောလဟာလကြောင့် ကြုံတွေ့ရနိုင်တဲ့ သွေးချောင်းစီးမှုတွေကိုလည်း ကယ်တင်နိုင်ခဲ့တယ်။ နောက်တခုကတော့ ချင်းလူမျိုးတွေဟာလည်း ဒီမိုကရေစီကို လိုလားချစ်မြတ်နိုးတယ်ဆိုတာကို ပြသနိုင်ခဲ့ကြတယ်။
မေး။ ။ ရှစ်လေးလုံးအမှတ်တရကာလမှာ ချင်းလူထုကိုကော ဘာများပြောချင်တာရှိပါသလဲ။
ဖြေ။ ။ ချင်းလူမျိုးတွေဟာ လူမျိုးငယ် လူမျိုးသေး မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းတိုင်းမှာ ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ့အရေးကို တက်ကြွစွာ လှုပ်ရှားခဲ့သူတွေဖြစ်ကြပါတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းစစ်ဖြစ်တော့ ရန်ကုန်အစိုးရကို ကယ်တင်ခဲ့တာလည်း ချင်းလူမျိုးတွေသာလျှင်ဖြစ်ပါတယ်။ နောက်ပြီး မဆလ စစ်အာဏာရှင် စနစ်ကို ရိုက်ခတ်မှင်သက်အောင် ဦးဆောင်လှုပ်ရှားရင်း ကြိုးပေးသတ်ခံရတဲ့အထိ အညှိုးကြီးမားစွာခံခဲ့ရသူကလည်း ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးဖြစ်တယ်။ ထိုနည်းတူစွာ ၁၉၈၈ အရေးအခင်းမှာလည်း ချင်းလူမျိုးတွေ ဘေးထွက် ထိုင်မနေပါဘူး။ ခေတ်တိုင်းမှာ ချင်းတွေ မညံ့ပါဘူး။