

အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာခံရတဲ့ မြို့နယ်တွေထဲ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့လည်း ပါဝင်တာကြောင့် ကန်ပက်လက်မြို့နယ် ဒါးရင်းဒူးဒေသ ခေါ်နူးတပ်ရင်းရဲ့ ထိန်းချုပ်မှုနယ်မြေ အတွင်းက မိဘပြည်သူတွေ အရေးပေါ်အခြေအနေ ခရီးသွားလာတာကလွဲရင် လမ်းတွေ သြဂုတ်လ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ CDF – Kanpetlet Battalion (5) Khonu Battalion က ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့နယ် ဒါးရင်းဒူးဒေသ ခေါ်နူးတပ်ရင်းရဲ့ ထိန်းချုပ်မှုနယ်မြေ အတွင်း ကာကွယ်ရေးဆိုင်ရာ အရေးပေါ်လုံခြုံရေးကိစ္စရပ်တွေ ဆောင်ရွက်လိုတာကြောင့် ရပ်နီးရပ်ဝေး ခရီးသွားလာခြင်း ဆိုင်ကယ်ကယ်ရီဖြင့် ကုန်စီပို့ဆောင်ခြင်း၊ ဒေသခြားသွားလာမှုတွေ အရေးပါ်အခြေအနေမှအပ ခရီးသွားလာခြင်း နှင့် ကုန်သွယ်စီးဆင်းမှု တွေအပါအဝင် လမ်းကြောင်းများဖြစ်တဲ့ ဂိတ် ၁ နှင့် ဂိတ် ၂ ကို သြဂုတ်လ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ယာယီပိတ်ထားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နဲ့ ဖလမ်းမြို့နယ် (၇) မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့ကစလို့ ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်က မြို့နယ် ၉ ခုထဲမှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားတာဟာ ေရွးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ဆုံးရှုံးနယ်မြေတွေ ပြန်စိုးမိုးဖို့နဲ့ ထိုးစစ်ပြန်ဆင်ချင်တာကြောင့်လို့ ချင်းအမျိုးသားတပ်ဦး(CNF/ CNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။
CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေပြန်စိုးမိုးဖို့ ထိုးစစ်ပြန်ဆင်ပါလိမ့်မယ်၊ ကျနော်တို့ဖက်က ပြည်သူ့လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေ ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ စစ်ကြောင်းထိုးလာရင်လည်း အကောင်းဆုံး ခုခံကာကွယ်သွားမှာပါ ” လို့ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ မြို့နယ် (၇) မြို့နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုက မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေအာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာခဲ့တာဖြစ်ပါတယ်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှု ချုပ်ငြိမ်းရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပေဒ (၂၀၀၈ ခုနှစ်) ၊ ပုဒ်မ ၄၁၂ (က) အရ မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာလိုက်တာလို့လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။