Headlines

ဟားခါးမြို့မှာ လူငယ် ၄၀ ၀န်းကျင် ဖမ်းဆီးခံရပြီးနောက် ပြန်မလွတ်လာသေးတဲ့အတွက် မိသားစုဝင်များ စိုးရိမ်

ဩဂုတ်လ ၅ ရက်။

ဟားခါးမြို့ပေါ်က လူငယ် ၄၀ ၀န်းကျင် ဩဂုတ်လ (၃) ရက်နေ့ တနင်္ဂနွေနေ့၊ နေ့လည်ပိုင်းက စစ်ကောင်စီတပ်များရဲ့ အဖမ်းခံရပြီးနောက် ညပိုင်းမှာ မြို့တွင်း‌ ပစ်ခတ်မှု၊ လက်နက်ကြီးပေါက်ကွဲမှုများဖြစ်ပွားမှုကြောင့် လက်ရှိအချိန်အထိ ဖမ်းဆီးခံလူငယ်များ ပြန်လည်မလွတ်မြောက်သေးတာကို ဒေသခံမိဘပြည်သူများအနေနဲ့ စိုးရိမ်လျက်ရှိတယ်လို့ ‌ဟားခါးဒေသခံများကပြောပါတယ်။

ဟားခါးဒေသခံတစ်ဦးက “ တနင်္ဂနွေနေ့မနက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဆောက်လုပ်ရေးဌာနရဲ့ပြည်နယ်မှုးကိုဖမ်းတယ်လို့သိရတယ်။ မနက်ပိုင်း ဘုန်းကြီးကျောင်းအသွားမှာ အဖမ်းခံရတယ်လို့သိရတယ်။ အဲဒါနဲ့ နေ့လည်ပိုင်းမှာ လူငယ်တွေကို ဟားခါး-ဂန့်‌ဂေါလမ်းမှာ စစ်တပ်တွေက ဆိုင်ကယ်နဲ့ ဖြတ်သွားသူတွေကို ဖမ်းတယ်။ အဲဒီလမ်းမပေါ်မှာရှိတဲ့ လဖက်ရည်ဆိုင်မှာ ထိုင်တဲ့လူငယ်တွေကိုလည်းဖမ်းတာပေါ့။ အစကတော့ ဌာနဆိုင်ရာလူကြီးအဖမ်းခံရတော့ ပြန်လွှတ်ပေးဖို့အတွက်နဲ့ လူငယ်တွေကို စစ်ဆေးဖို့ဖမ်းတာလို့ယူဆရတာပေါ့။ ဒါပေမယ့် ညပိုင်းမှာ တာ၀န်ကျကင်းလှည့်စစ်သားတွေကို မြို့တွင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုအထိ ဖြစ်လာတော့ ဖမ်းထားတဲ့လူငယ်တွေအားလုံးကို ပြန်လွှတ်ပေးဖို့ကပိုပြီးအခက် တွေ့တာမျိုးဖြစ်မလားဆိုတာ စဥ်းစားစရာဖြစ်လာတယ်” လို့ပြောပါတယ်။

လူငယ်တွေအဖမ်းခံရချိန်ဟာ တနင်္ဂနွေနေ့ဖြစ်ပြီး ဘုရားကျောင်းဆင်းချိန်ဖြစ်တာကြောင့် ဆိုင်ကယ်နဲ့သွားလာတာ၊ နေ့လည်လဖက်ရည်ဆိုင်ထိုင်တာတွေနဲ့မြို့တွင်းမှာ လူစည်ကားချိန်ဖြစ်ပါတယ်။

ဟားခါး‌ဒေသခံလူငယ်တစ်ဦးက “အဓိကတော့ အရင်က ဟားခါး – ဂန့်‌ဂေါလမ်းမှာ မော်တော်ပီကေ တွေ Surprise Check လုပ်လေ့ရှိတဲ့နေရာမှာစောင့်ပြီးဖမ်းတာပေါ့။ အဲဒီနေရာရဲ့အထက်မှာ ဘုန်းကြီးကျောင်းရှိတယ်။ လမ်းဘေးမှာတင် လဖက်ရည်ဆိုင်လည်းရှိတယ်။ ဆိုင်ကယ်နဲ့ ဂန့်ဂေါလမ်းရပ်ကွက်ဖက်သွားတာ၊ ဟားခါးရှုခင်းသာဖက်နဲ့မြို့ပြင် ဖက်ကိုသွားတာမျိုး သွားချင်ရင်အဲဒီလမ်းမကြီးတစ်ခုပဲရှိတယ်။ လူငယ်တွေဆိုရင် တနင်္ဂနွေနေ့ဘုရားကျောင်းဆင်းပြီဆိုရင် အဲဖက်သွားပြီးလည်ပတ်တာလည်းများတာပေါ့။ အဲဒီကနေ စောင့်ဖမ်းရင် နာရီတစ်ချက်နှစ်ချက်အတွင်း လူဆယ်ကဏန်းကတော့ ခဏပဲ” လို့ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က “ဖမ်းဆီးမှုများဟာ စစ်တပ်က ဒေသတွင်းစားသောက်ဆိုင်တစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် ဖြစ်ပွားခဲ့တာပါ။ အဲဒီတုန်းက ဆိုင်ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေကိုပါ ကနဦး ဖမ်းဆီးခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ လူအများစုဝေးရာနေရာတွေနဲ့ ဘာသာရေးဆိုင်ရာလှုပ်ရှားမှုတွေကို ပစ်မှတ်ထားပုံရပြီး ဘာသာရေးလွတ်လပ်ခွင့်ကို ဆက်လက်ချိုးဖောက်နေသလို အရပ်သားတွေကို ပိုမိုပစ်မှတ်ထားလာတာနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေကို မြင့်တက်စေခဲ့ပါတယ်” လို့မနေ့ဩဂုတ်လ ၄ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

လူငယ်များအဖမ်းခံရပြီးနောက် အဆိုပါညမှာပင် မြို့တွင်း ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုပါဖြစ်ပွားတာကြောင့် အသင်းတော် ပါစတာတစ်ဦး၊ ကလေးအပါအ၀င် အရပ်သားလေးဦး ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *