Headlines

ရန်ကုန်မှာ အိမ်မှာတစ်ဦးတည်းနေသော ချင်းအမျိုးသမီးတစ်ဦး အိမ်အတွင်း ရိုက်နှက်လုယှက်ခံရ

ဩဂုတ်လ ၂၁ ရက်။

ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဆရာမညောင်ဒိတ်လျန်း (Niang Deih Lian @ Niangnu) ဟာ သူမအမှုတော်ဆောင်ရာ ရန်ကုန်မြို့၊အရှေ့ဒဂုံမြို့နယ် ရှိ New Life Mission Church ဘုရားရှိခိုးကျောင်း အဆောက်အဦး အတွင်းမှာတစ်ဦးတည်း ရှိနေချိန်မှာ အသိမိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဒေါ်မိငယ် မှ ရိုက်နှက်ပြီး အိမ်အတွင်းရှိ ပစ္စည်းများလုယူသွားခဲ့တာကြောင့် မြောက်ဉက္ကလာပ ပြည်သူ့ဆေးရုံတွင် ပို့ဆောင် ကုသမှု ခံယူ ခဲ့ရတယ် လို့ ဆွေမျိုး အသိုင်းအဝိုင်းများရဲ့ ပြောပြချက် အရ သိရှိ ခဲ့ရ ပါတယ်။

“ဒေါ်မိငယ်က အဲဒီ ဘုရားရှိခိုးကျောင်းမှာ တက်ရောက်ခဲ့ဖူးသူ ဖြစ်တော့ ဆရာမညောင်နူး တို့နဲ့ ရင်းနှီးတယ်။ ဆရာမညောင်နူး ဆီ ပိုက်ဆံချေး မလိုလို နဲ့ သွားလည် ခဲ့တယ်။ ဆရာမညောင်နူးက မချေးပေးတော့ မီးဖိုချောင်ဘက် သွားပြီး ခဏလာဖို့ ခေါ်ခဲ့တယ်။ ဆရာမညောင်နူးလည်း လိုက်သွားတော့ ဒေါ်မိငယ်က အုတ်နီခဲ နဲ့ ခေါင်းကို ထုတယ်။ ငရုတ် ကျည်ပွေ့ နဲ့လည်း ထုခဲ့တယ်။ အိမ်တံခါးတွေကို မင်းတုံးချပြီး ဆက်ထုတယ်။ ဆရာမ ညောင်နူးလဲ ပျော့ခွေ သတိ လစ်သွားတော့ အိပ်ခန်းထဲ ဝင်ပြီး မွှေနောက်သွားတော့ တာပဲ” လို့ ဖြစ်စဉ်ကို ဆွေမျိုး နီးစပ်သူ တစ်ဦးက Chin World Media ကိုပြောပါတယ်။

“ဆရာမ ညောင်နူး သတိရတော့ ဒေါ်မိငယ် က အခန်းထဲ ဝင်ရောက် မွှေနှောက် နေခဲ့တယ်။ အဲတာနဲ့ အားတင်းပြီး တံခါးကို ဖွင့်ပြီး ဘေးအိမ်ကို သွားခိုခဲ့တယ်။ ဒေါ်မိငယ် ထွက်လာတော့ ဘေးအိမ်မှာ ရှိတဲ့ သူမကို ဆက်ရိုက်ဖို့ ကြိုးစားတော့ အိမ်နီးချင်းတွေက ကာကွယ် ပေးကြတယ်။ ဒေါ်မိငယ် ထွက်သွားတော့ အိမ်နီးချင်းတွေက Ambulance ခေါ်ပြီး ဆေးရုံ ပို့ခဲ့တယ်။ အခုချိန်မှာတော့ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ကုသမှု ခံယူနေပါတယ်။ သတိလည်း ကောင်းကောင်း ပြန်ရ ပါပြီ။ ခေါင်းမှာချည်း ဒဏ်ရာ ၂၅ ချက် ကျော် ရတယ်။ ဆရာဝန်ကြီးတွေ ကတော့ အသက် အန္တရာယ် ဖြစ်နိုင်တဲ့ ဦးနှောက်တွင် သွေးယိုစီးတာတွေ၊ သွေးခဲတာတွေ မရှိဘူး လို့ ပြောခဲ့ပါတယ်” လို့လည်း အခြေအနေကို ဆက်လက် ပြောပြပါတယ်။

ဆရာမ ညောင်နူး နေတဲ့ New Life Mission Church ဘုရားကျောင်းကိုတော့ လက်ရှိမှာ ရဲတွေက သော့ခတ် ပေးခဲ့တာကြောင့် မည်သည့် ပစ္စည်းများ ပျောက်ဆုံးသွားသည်ကို မသိရသေးကြောင်း၊ ကျူးလွန်သူ ဒေါ်မိငယ် ဟာ အမှုဖြစ်ဖြစ်ချင်း ထွက်ပြေးခဲ့တာကြောင့် ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်း၊ ဒေါ်မိငယ်၏ မိသားစုဝင်များကို စစ်ဆေးရန် အတွက် ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားကြောင်း ဆရာမညောင်နူး၏ အသိုင်းအဝိုင်းများ ထံမှ သိရှိခဲ့ရ ပါတယ်။

လက်ရှိမှာ အသက် ၂၅ နှစ် ရှိပြီ ဖြစ်တဲ့ ဆရာမ ညောင်နူးဟာ ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ မွာလ်ကွေးရွာသူ တစ်ဦး ဖြစ်ပြီး ဓမ္မပညာဘွဲ့ (B.Th.) ရရှိကာ အလုပ်သင် အဖြစ် ဓမ္မအမှုတော် ဆောင်နေခဲ့သူ ဖြစ်တယ် လို့လည်း ဆက်လက် သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *