Headlines

မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ဇီဝ အချက်အလက်တွေကို သြဂုတ်လအတွင်း အပြီးကောက်ယူမယ်လို့သိရ

ဩဂုတ်လ ၅ ရက်။

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ရှိ ခရိုင်အသီသီးရောက်ရှိနေတဲ့ မြန်မာစစ်ဘေရှောင်တွေရဲ့ Biometric ဇီဝအချက်အလက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကနေ စတင်ကောက်ယူနေပြီး သြဂုတ်လအတွင်း အပြီးသတ်ကောက်ယူသွားဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်းက Serchhip, Lunglei , Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နဲ့ Hnahthial စတဲ့ ခရိုင် ၁၁ ခုမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်ကြတဲ့ မြန်မာစစ်ဘေးရှောင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေကို မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်းပြီး ကောက်ယူနေတာလို့လည်း သိရပါတယ်။

မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေးရှောင်နေထိုင်သူတစ်ဦးက “စကောက်တာက ဇူလိုင်လ ကုန်ပိုင်းလောက်ကနေ စကောက်နေကြပြီ ဒီသြဂုတ်လအတွင်း အပြီးသတ်ကောက်ယူနိုင်ဖို့ကိုလည်း သူတို့ဘက်က ပြင်ဆင်နေတယ်လို့ သိရတယ်၊ ဒီဇီဝအချက်အလက် ကောက်တဲ့နေရာမှာ ခရိုင်တခုနဲ့ ခရိုင်တခုကြား ကွဲပြားတာလေးရှိတယ် ဥပမာ – လောင်တလိုင်ခရိုင်ဘက်ဆိုရင် မျက်ကြည်လွှာယူတယ်ပေါ့ ကျနော်တို့ဆီမှာတော့ အဲလိုမျိုးတော့မရှိဘူး အခုလို ဇီဝအချက်အလက် ကောက်တာကို ကျနော်တို့ စိုးရိမ်တာက ကျနော်တို့အချက်အလက်တွေ အားလုံးသူတို့ဆီမှာရောက်သွားတာဆိုတော့ တဖက်ရောက်သွားမှာကိုတော့ စိုးရိမ်ကြတယ် ဒါပေမယ့် လာကောက်တဲ့ချိန် အဲလိုမျိုးတွေ စိုးရိမ်ဖို့မလိုတဲ့ကြောင်း အရပ်ဖက်အဖွဲ့တွေဘက်ကတော့ ပြောပါတယ်” လို့ပြောပါတယ်။

ဇီဝအချက်အလက်ကောက်ယူရာမှာ အသက် ၂ နှစ်အထက်ရှိသူတွေကို ကောက်ယူတာဖြစ်ပြီး နာမည်၊ မိဘအမည်၊ အလုပ်အကိုင်၊ မြန်မာမှတ်ပုံတင်ကဒ်၊ လက်ဗွေ၊ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်အမှတ်အသားနှင့် ဓာတ်ပုံတွေရိုက်ယူ ကောက်ခံတာလု့ိလည်း သိရပါတယ်။

အိန္ဒိယအခြေစိုက် သတင်းမီဒီယာတွေဖော်ပြချက်အရ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၃၂၅၀၄ ဦးရှိပြီး Champhai ခရိုင်မှာအများဆုံးနေထိုင်ကြသလို Lawngtlai နဲ့ Siaha ခရိုင်မှာ ဒုတိယအများဆုံးနေထိုင်ကြတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *