
မလေးရှားရောက် ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ( ICC) က ဦးဆောင်ပြီး လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပမယ့် IPD – Dang Wangi ရဲဌာနက ရဲမှုးအဖွဲ့နှင့် ချင်းလူထုတွေ့ဆုံပွဲကို မလေးရောက် ချင်းလူမျိုးတွေ တက်ရောက်ပေးကြဖို့ ICC က ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာ အသိပေးထားပါတယ်။
မလေးရှားရောက် ချင်းဒုက္ခသည်တွေအတွက် အလွန်အရေးကြီးတဲ့ လူထုတွေ့ဆုံပွဲဖြစ်တာကြောင့် အသင်းတော်လူကြီးများနဲ့ အခြားအဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ မိမိမန်ဘာတွေကို တက်ရောက်ဖို့ တိုက်တွန်းပေးကြရန်နှင့် အထူးသဖြင့် ကွာလာလမ်ပူဧရိယာအတွင်းရှိ ချင်းလူမျိုးတွေအနေနဲ့ မဖြစ်မနေ တက်ရောက်ပေးကြဖို့ကိုလည်း ICC က အထူးအသိပေး အကူအညီတောင်းထားပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နေရာတချို့မှာ ချင်းလူမျိုးတွေရဲ့ စည်းကမ်းမဲ့ သောက်စားမူးရစ် ရမ်းကားတာတွေ၊စည်းကမ်းမဲ့ နေထိုင်သွားလာတာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ မလေးရှားရောက် ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ( ICC) နဲ့ IPD – Dang Wangi ရဲဌာန အရာရှိအကြီးကဲ တွေအကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က CRC ရုံးမှာ အရေးပေါ် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် အခုလို ချင်းလူထုနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။
ICC ကတာဝန်ရှိသူတစ်ဦးက “လာမယ့် ၉ ရက်နေ့မှာ ကျင်းပမယ့် လူထုတွေ့ဆုံပွဲမှာ ICC နဲ့ ရဲပူးပေါင်းပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ရဲဖက်က တာဝန်ရှိသူတွေက ဟောပြောပေးမှာဖြစ်တယ်” လို့ပြောပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နေရာတချို့မှာ ချင်းလူမျိုးတွေရဲ့ စည်းကမ်းမဲ့ သောက်စားမူးရစ် ရမ်းကားတာတွေ စည်းကမ်းမဲ့ နေထိုင်သွားလာတာတွေနဲ့ ပတ်သက်ပြီး IPD – Dang Wangi ရဲဌာန ဘက်က လူထုကို အသိပညာဟောတာတွေ လုပ်သွားမှာဖြစ်ပါတယ်။