Headlines

မကွေးတိုင်းကနေ ကန်ပက်လက်မြို့နယ်တွင်း ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းအားလုံးကို ယာယီပိတ်လိုက်ကြောင်း CDF – Kanpetlet က ထုတ်ပြန်

ဩဂုတ်လ ၂၁ ရက်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ် ဘက်ကို စစ်ကော်မရှင်က မကွေးတိုင်း၊ ယောဒေသကနေ အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ ဦးတည်ချဉ်းကပ်နေတာကြောင့် ကန်ပက်လက်မြို့နယ်တွင်းရှိ ဆွဲလွဲကျင်း – ကျင်ဒွေးလမ်းပိုင်းနဲ့ ဆော – ကန်ပက်လက် လမ်းပိုင်းအပြင် မကွေးတိုင်းကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေကို သြဂုတ်လ ၂၀ ရက်နေ့ကစလို့ ယာယီပိတ်ထားမယ်လို့ CDF – Kanpetlet က ဩဂုတ်လ ၂၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ လောင်းရှည် ကပစ (၂၅) မှ ရန်သူ့အင်အား (၈၀၀) ဝန်းကျင်ခန့်၊ ဆိပ်ဖြူဖက်မှ တက်လာတဲ့ ရန်သူ့အင်အား (၄၀၀) ဝန်းကျင်ခန့်၊ ပေါက်မြို့နယ်တွင် ရောက်ရှိလာသော ပခုက္ကူ တပ်မ (၁၀၁) မှ တက်လာတဲ့ တင့်ကား (၂) စီး၊ စစ်ကား (၁၃၆) စီး ပါဝင် စစ်ယာဉ်တန်းတွေဟာ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ချင်းညီနောင်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်တွေကို မကွေးတိုင်း ၊ ယောဒေသကတဆင့် အင်အားအလုံးအရင်းဖြင့် အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ ဦးတည်ချဉ်းကပ်နေကြောင်း CDF – Kanpetlet က ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့လည်း ရန်သူဘက်က အချိန်မရွေး ထိုးစစ်ဆင်လာနိုင်တဲ့အတွက်ကြောင့် စစ်ရေးသတိရှိရှိ ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ အချိန်မရွေး နေရာမရွေး တိုက်ခိုက်လာနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေက ကာကွယ်နိုင်ရန် လေကြောင်းဒဏ်ခံနိုင်တဲ့ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေတူးပြီး သတိရှိရှိ နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) နဲ့ ချင်းညီနောင် ( CB) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၆၃ မြို့နယ်မှာလည်း ရွေးကောက်ပွဲလုပ်မယ်လို့ ဆိုထားပြီး တပြိုင်တည်း စစ်ရေးပြင်ဆင်ချက်တွေကိုလည်း လုပ်ဆောင်လာနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *