
နိုင်ငံရေးအမှုနဲ့ ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ၊ ပါးဝကျေးရွာက ဒေသခံ အမျိုးသား ၁၉ ဦးထဲကနေ အမျိုးသား ၁၆ ဦးတို့ဟာ ဒီကနေ့ မနက်ပိုင်း သြဂုတ်လ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “သူတို့ဒီကနေ့မနက်ပိုင်းမှာ ပြန်လွတ်လာပြီ လွတ်ရက်စေ့လို့ ပြန်လွတ်ပေးတာပေါ့ ၁၉ ဦးမှာ ၁၆ ဦးက ၄ နှစ်စီထောင်ချခံရသူတွေပေါ့ ကျန်တဲ့ ၃ ဦးက ၇ နှစ်စီအမှုချမှတ်ထားတော့ မလွတ်သေးဘူး အခုလွတ်လာတဲ့ ၁၆ ဦးက ပုသိမ်ကနေ ရန်ကုန်ပြန်နေကြပြီ အားလုံးကျန်းကျန်းမာမာပဲလို့ သိရတယ်” လို့ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ၊ ပါးဝကျေးရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ရွာ မင်္ဂလာဆောင်ပွဲမှာ ရှိနေချိန် CDF တွေရွာထဲရောက်နေတယ်ဆိုပြီး ဒေသခံ အမျိုးသား ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ပုဒ်မ – ၅၂ ( က) ဖြင့် ၂၀၂၂ ခုနှစ်မှာ ၁၉ ဦးထဲမှာ ၁၆ ဦးကို ၄ နှစ်နဲ့ ၃ ဦးကို ထောင်ဒဏ် ၇ နှစ် စစ်ကောင်စီက မတရားထောင်ချခဲ့ကာ စစ်တွေအကျဉ်းထောင်ကိုပို့ခဲ့တာဖြစ်ပြီး နောက်ပိုင်း စစ်တွေမှာ တိုက်ပွဲအခြေအနေတွေကြောင့် ပုသိမ်အကျဉ်းထောင်ကို ပို့ခံခဲ့ရတာဖြစ်တယ်လို့လည်း နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
နီးစပ်တဲ့ဒေသခံတစ်ဦးက “ ၄ နှစ်စီချတာက ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်မှာ လွတ်ရက်စေ့ပေမယ့် စစ်တွေထောင်ကနေ ပုသိမ်ထောင်ပြောင်းပို့ခံရတာနဲ့ မလွတ်နိုင်ခဲ့ကြပဲ ဒီကနေ့မှဘဲ ပြန်လွတ်လာတာမျိုးဖြစ်တယ်။ လက်ရှိ ပုသိမ်ထောင်မှာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ၃ ဦးနဲ့ နောက်ထပ် ပလက်ဝဒေသခံ ၃ ဦး စုစုပေါင်း ၆ ဦးလောက်တော့ ကျန်ဦးမယ်လို့လည်း သိရတယ်” လို့ပြောပါတယ်။