Headlines

ပလက်၀မြို့ကို ULA/AA မှ ခရိုင်အဖြစ်တိုးချဲ့ပြီး အုပ်ချုပ်ရေးဖော်ဆော်မှုသည် ကိုလိုနီပြုခြင်းဖြစ်ကြောင်း Chin Civic Movement ထုတ်ပြန်

created by Polish

ဩဂုတ်လ ၁၂ ရက်။

ပြည်သူတရပ်လုံးဆင်နွဲနေသည့် အာဏာရှင် တော်လှန်ရေးလမ်းခုလတ်တွင် ဒေသခံချင်းပြည်သူများ၏ ဆန္ဒမပါသည့် ULA/AA မှ ၄င်းသိမ်းပိုက်ရရှိသော ပလက်၀မြို့အား ခရိုင်တစ်ခုအဖြစ်တိုးချဲ့ကာ အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိကြောင်း ULA/AA ပြော‌ရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုမှုသည် ချင်းပြည်သူများအပေါ် ကိုလိုနီပြုတဲ့ လုပ်ရပ်အဖြစ်ရှုမြင်သဖြင့် များစွာစိတ်ပျက်ရကြောင်း ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ ပူးပေါင်းပါ၀င်တဲ့ Chin Civic Movement (CCM) ကဩဂုတ်လ (၁၂) ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

CCM ရဲ့ထုတ်ပြန်ချက်မှာ “ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်ရေးအား ကိုယ်စားပြုမဟုတ်သော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ လူမျိုးကိုယ်စားပြု အဖွဲ့အစည်းဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေးဖော်ဆောင်မှုများကို မိမိတို့ CCM အနေဖြင့် လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဖော်ပြအပ်ပါသည်” လို့ပါရှိပါတယ်။

ထို့အပြင် မိမိတို့သည် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ပြည်သူ့လွတ်မြောက် ရေးအတွက်အပြည့်အဝရပ်တည်နေသော အစုအဖွဲ့ဖြစ်သည့်နည်းတူ အာဏာရှင်စနစ်မှန်သမျှ ဖြုတ်ချ ရေး နှင့် ဖိနှိပ်ခံတိုင်းရင်းသားများ အတူလွတ်မြောက်ရေးအတွက် မိမိတို့ချင်းကိုယ်စား ပြုတော်လှန်ရေး အင်အားစုများအနေဖြင့် ဘဝတူတိုင်းရင်းသားများနှင့်အတူ လက်တွဲတိုက်ပွဲဝင်မှုများ အပါအဝင် အခြား ဘဝတူညီနောင်တိုင်းရင်းသားများ အနေဖြင့် မိမိလူမျိုး လွတ်မြောက်ရေးအတွက် ချင်းပြည်နယ်တွင် စစ်ရေးအရလှုပ်ရှားကာ တိုက်ပွဲဝင်နေမှုများကိုလည်း အပြုသဘောဖြင့် ရှုမြင်ကြောင်း ဖော်ပြပါတယ်။

မနေ့သြဂုတ်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ ပလက်ဝကို စစ်ကောင်စီလက်ထဲကနေ သိမ်းပြီးရင် ခရိုင်အဆင့်တိုးမြင့်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ အခု ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာ အနောက်ဘက် စစ်မျက်နှာမှာ ပလက်ဝဟာ စစ်ကောင်စီလက်အောက်ကနေ ပထမဆုံး လွတ်မြောက်လာတဲ့ ဒေသဖြစ်ပါတယ်။ အဲဒါကြောင့် ပလက်ဝဒေသကို ကျနော်တို့ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒေသတစ်ခုကို သိမ်းပိုက်ပြီါ်တဲ့ နောက်ပိုင်းမှာ ဒေသတစ်ခုကို ဒီအတိုင်းထားဖို့ အဆင်မပြေပါ ကျနော်တို့ အဲဒီဒေသရဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ပက်သက်ပြီးတော့ ကျနော်တို့မှာ တာဝန်ရှိပါတယ် အဲဒါကြောင့် ကျနော်တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသကို ကျနော်တို့ တာဝန်ရှိတဲ့အတိုင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျနော်တို့ လုပ်စရာရှိတာတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နေတာဖြစ်တယ်လို့” ဖြေကြားထားပါတယ်။

Chin Civic Movement အဖွဲ့၀င်တစ်ဦးဖြစ်သူက ‘အခုပလက်ဝကို အေအေစီမံခန့်ခွဲမှုအောက်မှာ လုံးလုံးလျားလျား ရှိနေတာမျိုးမဟုတ်ဘဲ စီစီရယ် စီဘီရယ် ဘုံသဘောတူညီမှုရရှိထားတဲ့ ကော်မရှင်တစ်ရပ်ရပ်က စီမံခန့်ခွဲတာမျိုးကို ဖော်ဆောင်သင့်ပါတယ်။ အေအေက စစ်ရေးရည်မှန်းချက်အရ သူ့ရဲ့တပ်ဖွဲ့တွေကို ပလက်ဝဒေသမှာ အခြေချရင်ချနေပါစေ၊ အရပ်ဖက်အုပ်ချုပ်ရေးကိုတော့ ကော်မရှင်တစ်ရပ်ရပ်က လုပ်တာမျိုးဖြစ်စေချင်ပါတယ်” လို့ဆိုပါတယ်။

လက်ရှိချင်းပြည်နယ်၊ ပလက်၀မြို့နယ်အရေးကိစ္စ အပါအဝင် ချင်းပြည်နယ်၏ Nation Building နှင့် State Building ဆိုင်ရာများတွင်ကြုံတွေ့ရမည့် စိန်ခေါ်ချက်များကျော်လွှားနိုင်ရေးအတွက် ချင်း တော်လှန်ရေးအစုအဖွဲ့ အချင်းချင်းများကြား ညီညွတ်မှုဖြင့် လက်တွဲပူးပေါင်းနိုင်ခြင်းကသာ ရေရှည် တည်တံ့သော အဖြေတစ်ခုဟု ရှုမြင်တယ်လို့လည်း CCM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

CCM ရဲ့ ထုတ်ပြန်ချက်မှာ “မိမိတို့ အနေဖြင့် ချင်းပြည်နယ် ပလက်ဝ အရေးနှင့် ပတ်သက်၍ ပြည်သူ့တော်လှန်ရေးအလွန်တွင် သက်ဆိုင်သူများအားလုံးအကြား ဖက်ဒက်ရယ် ဒီမိုကရေစီနည်းကျ ပြန်လည်ဆွေးနွေးနိုင်မည်ဟု အတိအလင်းယုံကြည် မျှော်လင့်ပါကြောင်း” လို့ထည့်သွင်းဖော်ပြပါတယ်။

အာရက္ခတပ်တော် (AA) ကချင်းပြည်နယ်၊ပလက်၀မြို့နဲ့ ဆမီးမြို့ကို စစ်ကောင်စီ ထိန်းချုပ်မှုကနေ ပလက်ဝမြို့ ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့နဲ့ ဆမီးမြို့ ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *