

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံပြည်သူများနဲ့ပတ်သက်ပြီး ပလက်ဝဒေသအား ထိန်းချုပ်ထားတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ကို တောင်းဆိုချက် ၄ ချက် တောင်းဆိုကြောင်း ဒီကနေ့ ဩဂုတ်လ (၉) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနတိုင်းရင်းသားများနေ့ (International Day of the World’s Indigenous Peoples) မှာထုတ်ပြန်ပါတယ်။
CHRO ရဲ့ အဆိုပါတောင်းဆိုချက် ၄ ချက်ကတော့ “ပလက်ဝရှိ ဌာနေတိုင်းရင်းသားများအား အတင်းအဓမ္မပေါင်းစည်းမှု၊ ယဉ်ကျေးမှုဖိနှိပ်မှုနှင့် ပိုင်ဆိုင်မှုဖယ်ရှားမှုဆိုင်ရာလုပ်ရပ်များ ချက်ချင်းရပ်တန့်ရေး၊ ဒေသခံအသိုက်အဝန်းများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအခွင့်အရေးများကို အပြည့်အဝလေးစားရေး၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူထုခေါင်းဆောင်များကို အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုနှင့် ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးရေး၊ မိမိတို့၏ ကိစ္စရပ်များကို မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကိုအသိအမှတ်ပြုရေး” ဆိုတဲ့ တောင်းဆိုချက် (၄) ချက်ကို ထုတ်ပြန်တောင်းဆိုတာဖြစ်ပါတယ်။
CHRO ရဲ့ ထုတ်ပြန်ချက်မှာ ပလက်၀ဒေသဟာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ရဲ့ ထိန်းချုပ်မှုအောက်တွင် ချင်းတိုင်းရင်းသားအသိုက်အဝန်းများအနေနဲ့ လူမျိုးတစ်မျိုးအဖြစ်တည်ရှိမှုကို ခြိမ်းခြောက်ခံရကြောင်း၊ အသက်မွေး၀မ်းကျောင်းနဲ့ ဌာနေတိုင်းရင်းသားများရဲ့ အမှတ်လက္ခဏာများကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်များနဲ့ရင်ဆိုင်နေရကြောင်း၊ ဒေသတွင်းမှ သတင်းပေးပို့ချက်များအရ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှုပုံစံများက စိုးရိမ်စရာအခြေအနေကို ဖော်ပြနေပြီး ယင်းတို့တွင် ချင်းဒေသကို “ရက္ခိုင်အမျိုးသားနိုင်ငံ” ၏အစိတ်အပိုင်းအဖြစ် သတ်မှတ်ခြင်း၊ မသင်မနေရ ရခိုင်ဘာသာစကားဖြင့် ချင်းတို့၏အမှတ်အသားကို ဖိနှိပ်ခြင်းနဲ့ ဒေသရင်းဘာသာစကား သင်ရိုးညွှန်းတမ်းများကို ဖယ်ရှားခြင်းတို့ ပါဝင်တယ်လို့ ဖော်ပြပါတယ်။
ဤလုပ်ဆောင်ချက်များသည် ချင်းအသိုက်အဝန်း၏ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနဲ့ တိုင်းရင်းသားအမှတ်အသားတို့ကို ဖျက်ဆီးရန် ရည်ရွယ်ခြင်း သို့မဟုတ် အကျိုးသက်ရောက်မှုရှိခြင်းတို့ဖြစ်တယ်လို့ဆိုပါတယ်။ ထို့အပြင် ထိုသို့သောလုပ်ရပ်များသည် ချင်းအသိုက်အဝန်း၏ ယဉ်ကျေးမှုနှင့် ဘာသာစကားအမွေအနှစ်များကို အတင်းအဓမ္မပေါင်းစည်းခြင်းနှင့် တိုက်စားပစ်ခြင်းများပင်ဖြစ်တယ်လို့ CHRO ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ထို့အပြင် ရိုးရာအမွေဆက်ခံတဲ့ မြေယာများ သိမ်းယူခြင်း၊ ပိုင်ဆိုင်မှုများကို ချုပ်ကိုင်ခြင်းများသည်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး ရခိုင်ပြောင်းရွှေ့နေထိုင်သူများ၏ အခြေချနေထိုင်မှုနှင့် ဆက်စပ်နေကြောင်း၊ ဤအခြေအနေကြောင့် ဒေသမူရင်းမိသားစုများဟာ ၎င်းတို့၏မြေယာနှင့် အရင်းအမြစ်များ ဆုံးရှုံးနေရပြီး ချင်းအသိုက်အဝန်းများအတွက် ပိုမိုဆိုးရွားလာသည့် အခြေအနေများမှာ အတင်းအဓမ္မလုပ်အားခိုင်းစေမှု၊ သွားလာခွင့်ကန့်သတ်မှုများနှင့် ရိုးရာအသက်မွေးဝမ်းကျောင်းမှုကို မလုပ်နိုင်အောင်ပြုလုပ်တဲ့ တင်းကျပ်သော ညမထွက်ရအမိန့်များပင်ဖြစ်တယ်လို့ဖော်ပြပါတယ်။
အမျိုးသမီးများနဲ့ ပတ်သက်ပြီး အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူထုခေါင်းဆောင်များကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှုများ၊ စစ်မှုထမ်းရန်အပြင် လုပ်အားပေးခိုင်းစေမှုများကဲ့သို့သော အန္တရာယ်ရှိ လုပ်ရပ်များကို အကောင်အထည်ဖော်ရန် ဒေသခံအရာရှိများကို အတင်းအကျပ်ခိုင်းစေမှုများကလည်း ကြောက်ရွံ့မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုဆိုင်ရာ အခြေအနေကို ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။
ထိုကဲ့သို့သောလုပ်ရပ်များသည် တိုက်ပွဲက ဖော်ဆောင်လိုသည့် လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှုတို့၏ အခြေခံမူများကို ဆန့်ကျင်ပြီး ဒေသခံပြည်သူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP) အပါအဝင် နိုင်ငံတကာဥပဒေများအရ အာမခံထားသည့် အခွင့်အရေးများကို ချိုးဖောက်ခြင်းလည်းဖြစ်ကြောင်း၊ ဤအခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တရားမျှတမှုအတွက် တိုက်ပွဲတဲ့ အခြားသူများ၏အခွင့်အရေးများကို ချိုးဖောက်ရန် အကြောင်းပြချက်မဖြစ်စေရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယခုပင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း CHRO ကထုတ်ပြန်ထားပါတယ်။
