Headlines

ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင်ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမရှိ ငြင်းဆိုမှုတို့ကို ပလက်ဝအဖွဲ့အစည်းများမှ ပြင်းထန်စွာကန့်ကွက်

created by Polish

ဩဂုတ်လ ၁၃ ရက်။

သြဂုတ်လ (၁၁) ရက်နေ့တွင်ကျင်းပခဲ့သော ULA/AA ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင်ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိဟု ငြင်းဆိုမှုတို့ကို ပလက်ဝမြို့နယ်အဖွဲ့အစည်းများဖြစ်တဲ့ Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) မှ ပြင်းထန်စွာကန့်ကွက်ကြောင်း ဩဂုတ်လ ၁၂ ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့်ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရ၏ နိုင်ရေးရပ်တည်ချက်နှင့် အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ပလက်ဝပြည်သူလူထုက မည်သည့်အခါကမျှ လက်ခံခြင်းမရှိခဲ့ဘူးလို့ Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း(GKYA) တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော နွေဦးတော်လှန်ရေး၏ အရှိန်အဝါကိုအကြောင်းပြု၍ ဒေသခံဌာနေချင်းတိုင်းရင်းသားပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်း သည် မိမိတို့ဒေသခံပြည်လူထု၏ နိုင်ငံရေးဖြစ်တည်မှုကို မျက်ကွယ်ပြုခြင်းဖြစ်ပြီး ၎င်းအပြင် ပြည်ထောင်စုမြစ်ဖျားခံရာ ပင်လုံကတိကဝတ်စာချုပ်ပါအချက်များ၊ ခေတ်အဆက်ဆက်တွင် ကျင့်သုံးခဲ့သော မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒများအရ တည်ရှိခဲ့သည့် ချင်းပြည်နယ် နယ်နိမိတ်နှင့် ချင်းပြည်သူတရပ်လုံး၏ သဘောဆန္ဒကိုလည်း ချိုးဖျက်ခြင်းဖြစ်ပြီး အင်အားဗဟိုပြုသော ကိုလိုနီစနစ်တစ်ခုသာဖြစ်ပြီး ဒီမိုကရေစီစနစ်နှင့်လည်း ဆန်ကျင်ကြောင်း ပူးတွဲထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်အား AAတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့စ၍ ထိန်းချုပ်ထားပြီး တစ်နှစ်ကျော်ကာလအတွင်း လူသတ်မှု (၆) ကြိမ်၊ မုဒိမ်းမှု (၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူ့အခွင့်အရေးမှတ်တမ်းများအရ သိရှိရပြီး ၎င်းဖြစ်စဉ်များနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက် လာရေးအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ဖော်ထုတ်ခြင်းမရှိဘဲ ပလက်ဝမြို့နယ်အတွင်း တရားဥပေဒစိုးမိုးရေး အားကောင်းသည်ဟု ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ပြောဆိုခြင်းမှာ နွေဦးတော်လှန်ပြည်သူ တရပ်လုံးအား မဟုတ်မမှန်ဝါဒဖြန့်ချီခြင်းသက်သက်သာဖြစ်တယ်လို့ Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း(GKYA) တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *