
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း၊ ပကာဝကျေးရွာမှာ သြဂုတ်လ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ ကလေးငယ် ၂ ဦးသာ ရှိတဲ့အချိန် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး နေအိမ်ထဲရှိ ကလေးငယ်တွေကိုတော့ အချိန်မီကယ်ထုတ်နိုင်ခဲ့လို့ လူထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပကာဝကျေးရွာမှာ မီးလောင်မှုဖြစ်ခဲ့တဲ့ အိမ်ရှင် ဇနီးမောင်နှံက တောင်ယာမှာ ညအိမ်သွားတဲ့အချိန် မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်မှာကျန်ခဲ့တဲ့ ၈ နှစ်အရွယ်၊ ၁၀ နှစ်အရွာယ် ကလေး ၂ ဦးကိုတော့ ရွာသားတွေက အချိန်မီကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝ ဒေသခံတစ်ဦးက “ သူတို့မွေးထားတဲ့ ဆိတ်တွေကို ပိုးမွှားတွေ မကိုက်အောင် ညဘက် ကလေးတွေက မီးမွှေးထားပြီး အိပ်တဲ့ချိန် ည ၁၁ နာရီလောက်မှာ မီးလောင်မှုဖြစ်တယ် အဲဒီမီးလောင်တာကို အိမ်ဘေးကလူတွေမြင်လိုက်လို့ ကလေးတွေ ဘာမှမဖြစ်လိုက်တာ ရွာကလူတွေက အချိန်မီကယ်ထုတ် လိုက်နိုင်ခဲ့တယ်” လို့ပြောပါတယ်။
ပလက်ဝဒေသမှာ ဆိတ်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် သုံး၊ လေး ကောင်မွေးထားကြလေ့ရှိပြီး ဆိတ်တွေကို ပိုးမွှားတွေ မကိုက်အောင် မီးခိုးတိုက်လေ့ ရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။