Headlines

နိုင်ငံသားများရဲ့ လွတ်လပ်မှု နှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၃ ခု ကိုရပ်ဆိုင်းထားတဲ့ ဥပဒေ ပြဋ္ဌာန်း

ဩဂုတ်လ ၂ ရက်။

၂၀၂၅ ခုနှစ် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၃ ခုကို ရပ်ဆိုင်းဖို့ ပြင်ဆင်တဲ့ ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရအာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ(ကာလုံ)က ဩဂုတ် ၁ ရက်မှာပြဋ္ဌာန်းလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၂ ကို ကိုးကားပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ ကာလုံက ပြင်ဆင်တဲ့ ဥပဒေထဲမှာ ဖော်ပြထားပါတယ်။

ရပ်ဆိုင်းလိုက်တဲ့ ပုဒ်မ ၅ ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန နဲ့ တာဝန်ရှိသူတွေဟာ တည်ဆဲဥပဒေနဲ့ အညီ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို နစ်နာမှု မရှိစေဖို့ ကာကွယ်ပေးရမှာ ဖြစ်ပြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ နေ အိမ် နဲ့ နေအိမ်အဖြစ် အသုံးပြုတဲ့ အခန်း၊ အဆောက်အအုံ ဒါမှမဟုတ် ပရဝဏ် အတွင်းရှိ အဆောက်အအုံတွေအတွင်း ကို တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေတာ သိမ်းဆည်းတာ ဒါမှမဟုတ် ရှာဖွေ၊ ဖမ်းဆီးတာတွေ လုပ်မယ် ဆိုရင် သက်ဆိုင်ရာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရာအိမ်မှူး၊ ဆယ်အိမ်မှူး အပါအဝင် အနည်းဆုံး သက်သေနှစ်ယောက်နဲ့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါ တယ်။

ပုဒ်မ ၇ ကတော့ ဘယ်သူမှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုတဲ့ကိစ္စမှ တစ်ပါး တရားရုံးရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ ကိုမျှ ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ထားခြင်း မပြုလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၈ ကတော့ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ဒါမှမဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိဘဲ ဖြစ်စေ၊ နိုင်ငံတော် သမ္မတ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံသားတစ်ယောက်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ နောက်ယောင်ခံ စောင့်ကြည့်စုံစမ်းထောက်လှမ်းတာ ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူနား ထောင်တာ အချက်အလက်တွေ တောင်းယူတာ ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာ ကိစ္စတွေမှာ ထိခိုက်စေဖို့ ဆောင်ရွက်တာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း မတရားသိမ်းယူတာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ ပျက်စီး စေတာ ဒါမှမဟုတ် ဖျက်ဆီးတာတွေ မပြုဖို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

အခု ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်တွေ ဖွဲ့စည်းခြင်း မပြုမီ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးအာဏာတွေကို ကျင့်သုံးဆောင် ရွက်တဲ့ ကာလအတွင်းသာ ဖြစ်တယ်လို့ မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းတဲ့ ပြင်ဆင်တဲ့ ဥပဒေကို ၂၀၂၁ ခုနှစ် အာဏာသိမ်းကာစက စစ်ကောင်စီ(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) လက်ထက်က ပြဋ္ဌာန်းခဲ့ပြီး အခုအခါ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက ပြင်ဆင် ပြဋ္ဌာန်းတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *