

သြဂုတ်လ ၁၂ ရက်။
အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) မှာ မြန်မာနိုင်ငံသူ/သားဒုက္ခသည် တွေ ဒုက္ခသည်အခွင့်အရေးရဖို့အတွက် ဆန္ဒပြခဲ့စဉ်မှာ ကူညီပေးခဲ့တဲ့ နယ်မြေခံ ဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲစခန်းမှုးနှင့် တပ်ဖွဲ့ဝင်တွေကို ချင်းဒုက္ခသည်ကော်မတီ(CRC) ဦးဆောင်သူတွေက ကျေးဇူးတင်ကြောင်း လက်ဆောင်များသွားရောက်ပေးအပ်ခဲ့တယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
နယူးဒေလီရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ ရသင့်ရထိုက်သော ဒုက္ခသည်အခွင့်အရေးများအတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၇ရက်နေ့ကစလို့ ဩဂုတ်လ ၇ရက်နေ့ထိ ရုံးဖွင့်ရက်များတွင် အိန္ဒိယနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဆန္ဒပြနေစဉ်တလျောက် နယ်မြေခံဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲအရာရှိနှင့် တပ်ဖွဲ့ ဝင်များမှ အကူအညီများပေးခဲ့ကာ လုံခြုံရေးအနှောက်အယှက်မပေးခဲ့သည့်အပြင် UNHCR အကြီးကဲ Chief of Mission နှင့် တွေ့ဆုံနှိုင်ရေးအတွက် ဗီကပ်စ်ပူရီ ရဲစခန်းမှူး(SHOP)မှ ကြားဝင်ညှိနှိုင်းပေးခဲ့တယ်လို့လည်း CRC က ဆိုပါတယ်။
ဒီလိုကူညီပေးခဲ့တဲ့ ရဲစခန်းမှူးအား ကျေးဇူးတင်ကြောင်းပြသသောအားဖြင့် ဥက္ကဌဦးဆောင်သော ချင်းဒုက္ခသည်ကော်မတီ(CRC) အလုပ်အမှုဆောင်များက ဩဂုတ်လ၁၁ရက် ညနေ၄နာရီတွင် ရဲစခန်းသို့ သွားရောက်၍ ကျေးဇူးတင်ကြောင်း လက်မှတ်(Appriciation Certificate) ချင်းအမျိုးသားဝတ်စုံ နှင့် သစ်သီးဝလံများပေးအပ်ခဲ့ကြတာလို့ ထုတ်ပြန်ပါတယ်။
ချင်းဒုက္ခသည်ကော်မတီ CRC အနေဖြင့် တတ်စွမ်းသမျှ မြန်မာဒုက္ခသည်များ အခွင့်အရေးများကို ဆက်လက်ဆွေးနွေး ညှိနှိုင်းတောင်းဆို သွားမည်ဖြစ်ကြောင်းကိုလည်း CRC မှ ထပ်လောင်း အသိပေးထုတ်ပြန်ထားပါတယ်။
ချင်းဒုက္ခသည်ကော်မတီ CRC ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသား ဒုက္ခသည်တွေဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) ရှေ့မှာ ဒုက္ခသည်အရေးတောင်းဆို ဆန္ဒပြတဲ့ ရက်ပေါင်း ၂၄ ရက်အကြာ သြဂုတ်လ ၈ ရက်နေ့ မနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီအထိ UNHCR Chief Of Mission ခေါင်းဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ CRC ( OB) များတွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကာ ဒုက္ခသည်အဆင့်သတ်မှတ်ခြင်း Refugee Status Determination (RSD) အင်တာဗျူးတွေကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးဖို့ Chief of Mission ဘက်က ကတိပြုတာကြောင့် ဆန္ဒပြတာတွေ ရပ်နားလိုက်ကြပါတယ်။
ဒါ့အပြင် မြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနဲ့ တတိယနိုင်ငံအခြေချရေးကိစ္စတွေကိုလည်း လာမယ့် အစည်းအဝေးမှာ အသေးစိတ်ဆက်လက်ဆွေးနွေးဖို့ UNHCR Chief Of Mission သဘောတူညီမှုတွေ ရရှိခဲ့ကြပါတယ်။
