Headlines

ထန်တလန်မြို့နယ်မှာ အတော်ကြီးတဲ့ ရှားပါးဝက်ဝံတစ်ကောင်ကို ရွာသားများက ထောင်ချောက်ဆင် ဖမ်းမိ

သြဂုတ်လ ၁၃ ရက်။

ချင်းပြည်နယ်၊ထန်တလန်မြို့နယ်က ကျေးရွာတစ်ရွာမှာ အတော်ကြီးတဲ့ ရှားပါး ဝက်ဝံတစ်ကောင်ကို ရွာသားများက ထောင်ချောက်ဆင်ဖမ်းမိပြီး ရိုးရာတူမီးသေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အကြောင်းကို ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင် Ctling ကနေ “မှတ်တမ်းတစ်ခုအဖြစ်” ဆိုကာ ဩဂုတ်လ (၁၁) ရက်နေ့က Facebook ပေါ်တင်ခဲ့တာကို လူအများက စိတ်ဝင်တစ်စား မှတ်ချက်မျိုးစုံ ပေးခဲ့ကြပါတယ်။

Facebook မှာ တင်ထားတဲ့ သေဆုံးပြီဖြစ်တဲ့ ရှားပါး ဝက်ဝံ ခန္ဓာ ကို ရွာသားတွေက ဝိုင်းရံကြည့်ရှုကြတဲ့ ဗီဒီယိုမှာ အကောင့်ပိုင်ရှင်ကလည်း “မှတ်တမ်းဝင်ပဲ၊ ငယ်ငယ်ကတည်းက ဒီလောက်ကြီးတဲ့ ဝတ်ဝံမမြင်ဖူးဘူး။ လုံးပတ်လည် ၃၅ လက်မဝန်းကျင် (sum 6) ရှိမယ်လို့ ရေးတင်ခဲ့တာဖြစ်ပါတယ်။

Facebook ပေါ်တက်လာတဲ့ Video Post မှာ မြင်ရတဲ့ ဝက်ဝံရဲ့ ကိုယ်ခန္ဓာ ဟာအတော်ပင်ကြီးတယ်ဆိုရမှာပါ။ အဲဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးသူအချို့က “ ချင်းပြည်မှာ ဒီလောက်ကြီးတဲ့ ဝက်ဝံရှိသေးတာလား၊ ဒီလောက်ကြီးတဲ့ ဝက်ဝံလိုမျိုးကို သတ်ဖြတ်နိုင်တာကို ရိုးရာဓလေ့အရ ဂုဏ်ယူစရာဖြစ်ပေမယ့် ပြန်ပြီးတော့ သုံးသပ်သင့်ပါတယ်။ ဝမ်းသာတဲ့သူအများကြီးထဲက ကျနော်ကတော့ နှမြောတသဖြစ်ရပါတယ်” လို့မှတ်ချက်ပြု ခဲ့ပါတယ်။

Video Post မှာ နောက်ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင်တစ်ဦးကလည်း “ အနေဆင်းရဲ၊ အစားဆင်းရဲတဲ့ အနေအထားမှာ အခုလိုမျိုးရှိနေသေးရတာကလည်း မှားတယ်လို့ဆိုလို့မရပြန်ဘူး” လို့မှတ်ချက်ပြုပါတယ်။

ဝတ်ဝံရဲ့ သေဆုံးပြီဖြစ်တဲ့ ကိုယ်ခန္ဓာ Videoနဲ့ပုံကို Facebook ပေါ်တင်ခဲ့တဲ့ အကောင့်ပိုင်ရှင်ကလည်း အချင်းချင်းနားလည်ကြရအောင်ဆိုပြီး မှတ်ချက်ပြန်ပြုတာကိုလည်း တွေ့ရပါတယ်။

Video Post မှာ “တောရိုင်းတိရိစာန်နဲ့ ချောင်းရေထွက်သားငါးတွေနဲ့ပတ်သက်ပြီး ထိန်းသိမ်းဖို့၊ ချစ်တတ်ဖို့ကတော့ ပြောစရာမလိုလောက်အောင် ကလေး၊ လူကြီးတွေကလည်း နားလည်ကြပါတယ်၊ ဒါပေမယ့် ချင်းပြည်က ကျေးရွာအခြေအနေနဲ့ မြို့ပြအခြေအနေကတော့ နှိုင်းယှဉ်တာမျိုးမလုပ်သင့်ဘူးလို့ယူဆတယ်။ ချင်းတောင်ကကျေးလက်ဒေသမှာ ငွေကြေးဘယ်လောက်ခက်ခဲလဲဆိုတာသိကြပြီးဖြစ်ပါတယ်။ ငွေကြေးရှိရင်တောင် မြို့ပြတွေလို သား၊ ငါးတွေကို ကြိုက်သလိုဝယ်ဖို့မရှိဘူး။ အိမ်ထောင်ရှင်အမျိုးသားတွေက တောကနေ တောကောင်၊ ချောင်းတွေကရလာတဲ့သား၊ ငါးတွေရလာမှ စားခွင့်ရတဲ့အခြေအနေပါ” ဆိုပြီး မှတ်ချက်ပြန်ပြုကြတာလည်းတွေ့ရပါတယ်။

ချင်းတောင်ဒေသမှာ အမဲလိုက်ခြင်းကို ရိုးရာဓလေ့အနေနဲ့ ကျင့်သုံးပြီး ရှားပါးတောရိုင်းသားကောင်နဲ့ ခွန်အားကြီးတဲ့ တောရိုင်းသားကောင်ရရှိသူများကို ကျေးရွာသားများက ချီးကျူးကြပြီး အောင်ပွဲခံ ဂုဏ်ပြုတာမျိုးတွေလည်း ဘိုးစဉ်ဘောင်ဆက်က ပြုလုပ်ခဲ့ကြပါတယ်။ ထိုသို့ ခွန်အားကြီးတောကောင်ရရှိသူများကိုလည်း ရွာတွင် မျက်နှာပန်းပွင့်တယ်လို့ဆိုရမှာဖြစ်တယ်လို့ဆိုရပါမယ်။ နောက်ပိုင်းမှာ အမဲလိုက်မှုများပြားလာခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်ကျင့်သုံးခြင်းခြင်းများကြောင့် တောကောင်အတော်များများရှားပါးလာပြီး အထူးသဖြင့် ကျား၊ ဝက်ဝံ စတဲ့ တောကောင်တွေဟာ အတော်ပင်ရှားပါးလာပြီးဖြစ်ပါတယ်။

ချင်းတောင်မှာ “ဝက်” စတဲ့ တိရစ္ဆာန် တွေကို ဝယ်တဲ့အချိန်မှာ ကြိုးဖြင့် လုံးပတ်လည်ကိုတိုင်းတာလေ့ရှိကြပါတယ်။ ဝိုင်းပတ်လည်ဆိုတာကတော့ တောကောင်ရဲ့ ရင်အုံနေရာကနေ ကိုယ်ကို ကြိုးနဲ့ပတ်လည်တိုင်းပြီး ရလာတဲ့ကြိုးအရှည်ကို အလယ်ကနေ ပြန်ခေါက်ပါတယ်။ အဲဒီကြိုးကို အရွယ်ရောက် လူကြီးရဲ့လက်တစ်ဖက်က လက်ချောင်းတွေကိုဆုပ်ပြီးလက်မထောင်တဲ့ အမြင့်ကို ( 1 sum) လို့ခေါ်ပြီး အဲဒီအပေါ် ဈေးတွေသတ်မှတ်ပြီး ရောင်းဝယ်ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *