Headlines

တီးတိန်မြို့နယ် မွာလ်ဘင်းကျေးရွာ အုပ်ချုပ်ရေးမှူးအား PDF Zoland မှ ဖမ်းဆီးထားရတဲ့ အကြောင်းရင်းကို မိသားစုဝင်များက ၅ ရက်ကြာသည် အထိ မသိရှိသေးလို့ဆို

ဩဂုတ်လ ၂၁ ရက်။

ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၇ နာရီခန့်မှာ တီးတိန်မြို့နယ် မွာလ်ဘင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦး ဟောက်ခန့်နန် ကို တီးတိန်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ PDF Zoland မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း၊ ဖမ်းဆီးရတဲ့ အကြောင်းရင်းကိုမူ မိသားစုဝင်များ နှင့် ဆွေမျိုးအသိုင်းအဝိုင်းများ မှ ၅ ရက် ကြာသည် အထိ မသိရှိရသေးကြောင်း အဖမ်းခံရသူရဲ့မိတ်ဆွေ တစ်ဦး ထံမှ သိရှိရ ပါတယ်။

“သူ့ရဲ့ မိသားစုဝင်တွေရော၊ ကျွန်တော်တို့လို မိတ်ဆွေတွေကပါ သူ့ကို ဖမ်းဆီးရတဲ့ အကြောင်းရင်းကို အခုထိ မသိရသေး ပါဘူး။ သူတို့ဘက်ကလည်း တစုံတခု ရှင်းပြတာ၊ ပြောပြတာ မရှိသေးဘူး။ တင်ဒါ လုပ်ငန်းနဲ့ ပတ်သက်ရင် PDF Zoland ရဲ့ ကန့်သတ်ချက်တွေ ချိုးဖောက်တာမျိုး မရှိဖူးဘူး” လို့ အဖမ်းခံရသူရဲ့ မိတ်ဆွေ ဖြစ်သူမှ ပြောပြပါတယ်။

Chin World Media အနေဖြင့် အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး PDF Zoland အဖွဲ့ကို ဩဂုတ်လ ၂၁ ရက်နေ့မှာ မေးမြန်း ခဲ့ရာ “သူက စစ်ကောင်စီ ဆီမှာ သတင်းပို့ပေး နေတယ် ဆိုတာ သေချာ လို့ ဖမ်းဆီး ထိန်းသိမ်း ခဲ့ရ တာပါ။ သံသယ ရှိလို့ ဖမ်းတာမျိုး မဟုတ်ဘူး။ သေချာလို့ ဖမ်းခဲ့တာ” လို့ PDF Zoland အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးကပြန်လည် ဖြေကြား ခဲ့ပါတယ်။

ဦးဟောက်ခန့်နန် ဟာ မွာလ်ဘင်းကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ဆောင်ရွက်ရင်း စစ်ကောင်စီရဲ့ တင်ဒါ လုပ်ငန်းများကို လုပ်ကိုင် နေသူ ဖြစ်တယ် လို့လည်း ဒေသခံများ ထံမှ သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *