
ဩဂုတ်လ ၅ ရက်မှ ၈ ရက်အတွင်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားတပ်ဦး (CNF/A)ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာသေနတ် ၉ လက်သိမ်းပိုက်ရရှိခဲ့ကြောင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း အမှတ် – ၁ စစ်ဒေသက ဩဂုတ် (၁၁) ရက် မှာသတင်းထုတ်ပြန်ပါတယ်။
တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို ရန်ငြိမ်းအောင်ရွာမှ ခလရ-၂၂၈ နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်တို့မှ သြဂုတ်လ ၅ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပြန်လည်တိုက်ခိုက်ခဲ့လို့ သြဂုတ်လ ၈ ရက်နေ့မှာ ပြန်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲအတွင်း တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLA နှင့် CNA တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက် (၉) လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး ရန်သူ (၆) ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူ (၂၀) ကျော်ရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး လက်နက် (၃) လက် ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ဩဂုတ်လ (၈) ရက်နေ့တွင် နန်မွန်းတားရွာ ဘုရားကျောင်းသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးကြဲချ တိုက်ခိုက်ပြီး တံတားဦးလေတပ်မှ တက်လာသော MIG-29 (၁) စီးဖြင့် Cluster ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဘက်မှ OWA အသေခံဒရုန်း အမျိုးအစားများကိုလည်း အသုံးပြုခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။