
မတူပီမြို့နယ်မှာ ချင်းညီနောင်အဖွဲ့ဝင် Chin Defense Force Matupi / MRO အနေနဲ့ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းမှာသာမက Chinland Defense Force Matupi (CDF – Matupi) ထိန်းချုပ်နယ်မြေအတွင်းမှာလည်း အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်၊ ကျောင်းဆရာ/ မ တွေ CDM ဝန်ထမ်းတွေကို စစ်မှုမထမ်းမနေရ စနစ်ပြဌာန်းပြီး အတင်းအဓမ္မ ဖမ်းဆီးလုပ်ဆောင်တာတွေဟာ ၂ ဖက်ပြန်လည်ပေါင်းစည်းရေး လက်ခံတဲ့ လုပ်ရပ်မဟုတ်ပဲ စစ်ရေးပဋိပက္ခတွေ တိုးစေနိုင်တယ်လို့ Chinland Council အဖွဲ့ဝင် CDF – Matupi က ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
Chin Defense Force Matupi / MRO အနေနဲ့ Chinland Defense Force Matupi (CDF – Matupi) အကြား ၂ ဖက်ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ်ဖြင့်သာ အကြိမ်ကြိမ်ပြောနေပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တာမရှိတဲ့အပြင် လက်ရှိ ပဋိပက္ခအခြေအနေတွေ ပိုဆိုးရွားလာအောင်သာ လုပ်ဆောင်နေတယ်လို့ CDF – Matupi ကဆိုပါတယ်။
ဒါ့အပြင် Chin Defense Force Matupi / MRO အနေနဲ့ ၎င်းတို့ထိန်းချုပ်နယ်အပြင် ကျူးကျော်တပ်စွဲထားတဲ့ CDF – Matupi ထိန်းချုပ်နယ်မြေအတွင်းမှာလည်း စစ်မှုမထမ်းမနေရ စနစ်ပြဌာန်းပြီး အတင်းအဓမ္မဖမ်းဆီးခြင်းတွေ လုပ်ဆောင်နေတာဟာ ပေါင်းစည်းရေး လက်ခံသည့် လုပ်ရပ်မဟုတ်ပဲ တဖက်သက် အင်အားတည်ဆောက်ကာ စစ်ရေးအရ ပဋိပက္ခတွေ တိုးစေနိုင်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ထုြတ်ပန်ထားပါတယ်။
ဒီလိုစစ်မှုမထမ်းမနေရ စနစ်ပြဌာန်းပြီး အတင်းအဓမ္မဖမ်းဆီးနေတာတွေကြောင့် လက်ရှိပြည်သူတွေ ထိတ်လန့်ဖြစ်စေပြီး CDF – Matupi ထိန်းချုပ်နယ်မြေတွေကနေ တခြားလွတ်မြောက်နယ်မြေတွေကို တောတောင်တွေကတဆင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီလို Chin Defense Force Matupi / MRO လုပ်ရပ်ဟာ ပြည်သူကို အကာကွယ်ပေးတဲ့ လုပ်ရပ်မဟုတ်ပဲ အကျပ်အတည်း ရောက်စေနိုင်တဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်သာဖြစ်တယ်လို့လည်း CDF – Matupi ကထုတ်ပြန်ထားပါတယ်။
မတူပီမြို့နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ Chin Defense Force Matupi / MRO က ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်ပြီး Chinland Defense Force Matupi က Chinland Council အဖွဲ့ဝင်ဖြစ်ပါတယ်။