

သြဂုတ်လ ၁၉ ရက်။
စစ်ကော်မရှင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည့် အစား ပဋိပက္ခများကို ပိုမို နက်ရှိုင်းစေနိုင်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC ) က ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းသည် တရားဝင် အစိုးရ မဟုတ်သော စစ်အာဏာရှင်စနစ် အာဏာသက်ဆိုးရှည်ရန် ကူညီခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာ သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် အားပေးရာ ရောက်ပြီး စစ်ကော်မရှင် ကျူးလွန် သောရာဇဝတ်မှုများတွင် ကိုယ်တိုင်ပါဝင်ကျူးလွန်နေသူများ အဖြစ် ပြည်သူများ၏ သတ်မှတ်ခြင်းကို ခံရလိမ့်မည်ဖြစ်တယ်လို့ ဆိုထားပြီး နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ပေးကြရန်နှင့် အသိအမှတ် မပြုကြရန် ပန်ကြားလိုတဲ့ ကြောင်းလည်း ICNCC က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်သည် အာဏာသိမ်းသည့်နေ့မှစ၍ အပြစ်မဲ့ပြည်သူများအား ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခြင်း၊ သောင်းနှင့်ချီ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လူသားဒိုင်း (human shield) အဖြစ် အသုံးပြုခြင်း၊ လူနေအိမ်များ၊ ဘုရားကျောင်းများ မီးရှို့ဖျက်စီးခြင်း၊ စာသင်ကျောင်းများ၊ ကျေးရွာများ အပေါ်ဗုံးကြဲခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း စသော ရာဇဝတ်မှုများကို ယနေ့အထိ နေ့စဉ်ရက်ဆက် ကျူးလွန်နေကြောင်း ပြည်တွင်း ပြည်ပရှိ ပြည်သူများအားလုံး အသိပင်ဖြစ် ေကြာင်း၊ထိုမျှမက အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရပြီး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သန်းချီရှိနေချိန် တွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခြင်း၊ မဲပေးခြင်းများတွင် ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီသော ရွေးကောက်ပွဲမျိုးဖြစ်အောင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုများ လုံးဝရှိနိုင်မည် မဟုတ်ပါ။ အဆိုပါ အတုအယောင်ရွေးကောက်ပွဲသည် စစ်ကော်မရှင် နှင့် ၎င်းတို့၏အသိုင်းအဝိုင်းကိုသာ ကိုယ်စားပြုပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်မည် မဟုတ်သလို ဤ အတုအယောင် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည့် အစား ပဋိပက္ခများကို ပိုမို နက်ရှိုင်းစေနိုင်တယ်လို့ ICNCC က ထုတ်ပြန်ထားပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးကို ခေတ်အဆက်ဆက် ဖြိုခွဲဖျက်ဆီးခဲ့သော မတရားအာဏာသိမ်း စစ်တပ်သည် ယခုအချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒသဘောထားကို လစ်လျူရှုကာ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး ဤအတုအယောင် ရွေးကောက်ပွဲ သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့ မတရားအာဏာသိမ်းမှုကို တရားဝင် ဖြစ်စေရန်၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ် နှင့် အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှု (legitimacy) ကို အတုအယောင် ရွေးကောက်ပွဲဖြင့် ဖျက်သိမ်း၍ ၎င်းတို့၏ တရားမဝင် အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရန် ရည်ရွယ်ကာ ကြံစည်ထားသည့် အတုအယောင် ရွေးကောက်ပွဲ သာဖြစ်ပြီး အကြမ်းဖက်စစ်ကော်မရှင်သည် တရားဝင်အစိုးရ မဟုတ်သလို မည်သည့် ရွေးကောက်ပွဲကို မဆိုပြုလုပ် ကျင်းပပိုင်ခွင့်လည်း လုံးဝမရှိဘူးလို့ ICNCC က ထုတ်ပြန်ပါတယ်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည် ချင်းပြည်သူများ ကိုယ်ပိုင်ပြဌါန်း အုပ်ချုပ်ရေးကိုအာမခံသည့် နိုင်ငံရေးစနစ်သစ်ကိုပုံဖော်ရင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းလာစေရေးအတွက် ပိုမိုအားဖြည့်လုပ်ဆောင်နေသဖြင့် မိဘပြည်သူများကလည်း ဆက်လက် ပံ့ပိုးပေးကြပါရန်နှင့် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် အဆိုပါ အတုအယောင် ရွေးကောက်ပွဲတွင် လုံးဝ ပူးပေါင်းပါဝင်ခြင်းမပြုပဲ ဆန့်ကျင်ကန့်ကွက်ကြဖို့ကိုလည်း တိုက်တွန်းတဲ့ကြောင်း ICNCC က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်က ဒီနှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ ရွေးကောက်ပွဲ အပိုင်း (၁) အဖြစ် စတင်ကျင်းပသွားမှာဖြစ်ကြောင်း စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

