

ဒက်စမွန် နွေဦး
ညစ်ညူး သောစကား တစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏ အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။ ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း တို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
ဧဖက်ဩဝါဒစာ ၄း၂၉-၃၂
ဇာတ်လမ်းအစ မီးပွားတွေ
ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်း ၂ ခုကို ပူပေါင်းတပ်ဖွဲ့သိမ်းပိုက်ပြီး ချင်းတော်လှန်ရေး အလံလွှင့်ထူ ဆိုသည့် ခေါင်းစဉ်နှင့် သတင်း တက်ပြီး တနှစ်နှင့် ၇ လခန့် အကြာတွင်တော့ နောက်ထပ် သတင်းတပုဒ် တက်လာပြန်သည်။ စစ်ကောင်စီဆုတ်ခွာသွားသည့် ဖလမ်းမြို့နှင့် အိန္ဒိယနယ်စပ်မှ ရိခေါဒါရ်မြို့များကို ထိန်းချုပ်နိုင်ရန်အတွက် ချင်းတော်လှန်ရေးတပ်များ အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြပြီး နယ်မြေလုသည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည် ဆိုသည့် သတင်း။
တကယ်တော့ ဒီမီးပွားက တော်လှန်ရေး သန္ဓေတည်ကတည်းက ပါလာသော မီးပွားလို့ ဆိုချင် ဆိုနိုင်သည်။ နယ်မြေမပိုင်စိုးနိုင်သေးခင် ဘုံရန်သူကို တိုက်နေချိန်တုန်းကတော့ မသိသာပေမယ့် “ငါ့နယ်မြေ” ဆိုသည့် ပိုင်စိုးနိုင်မှုက တချို့သော အစုအဖွဲ့တွေအတွက် မာန်တက်စရာ ဖြစ်လာနေပုံရသည်။ အကယ်၍ ဆင်ဆင်ခြင်ခြင် ထိန်းထိန်း သိမ်းသိမ်း လုပ်မယ် ဆိုရင် တချို့ ကိစ္စတွေက ချက်ချင်း လက်ငင်း မပြေလည်စေနိုင်ရင်တောင်မှ ပိုဆိုးမလာဖို့ ထိန်းထားနိုင်စရာ ရှိသည်။
သို့သော်လည်း မြေပြင်က ပွတ်တိုက်မှုတွေ၊ အချိန်ယူ ဖြေရှင်းရမည့် မတူကွဲပြားမှုတွေကို လွှမ်းခြုံရှုမြင်ကာ စိတ်ရှည်ရမည့်အစား တချို့သော သူများကတော့ သေးသောမီးကို မလောင်လောင်အောင် လောင်စာထည့် ပေးနေသလို ရှိတာကိုလည်း တွေ့ရသည်။ အထူးသဖြင့် မီးနှစ်မီးကို တွေ့ရသည်။ အတွင်းမီးနှင့် အပြင်မီး။
အပြင်မီးဆိုသည်က အခုလို အကွဲအပြဲတွေကို စနစ်တကျ အသုံးချပြီး “divide and rule” – အချင်းချင်း ရန်တိုက်ပေးပြီး ၎င်းတို့ အာဏာတည်မြဲရေးအတွက် အသုံးချတတ်သည့် စစ်အာဏာရှင် အုပ်စု၏ ဝါဒဖြန့် ယန္တယားကို ဆိုလိုသည်။
အတွင်းမီးဆိုသည်က အချင်းချင်း အမျက်အအီထားကာ ရန်လိုမုန်းစကား ဆိုတတ်ကြသည့် သူများ၊ အထူးသဖြင့် အွန်လိုင်းပေါ်မှ “အမုန်းစကားများ” တွင်တွင် ပြောကြသူများကို ရည်ညွှန်းသည်။ ထိုသူများကတော့ မလောင်သေးသော မီးကို လောင်အောင်၊ သေးသောမီးကို မကြီးကြီးအောင် လောင်စာထည့်ပေးသူများ ဖြစ်သည်။
အမုန်းစကားဆိုတာ ဘာလဲ
မှားနေတာကို ထောက်ပြချင်သူတွေ၊ အမှန်တရားကို မျှဝေလိုသူတွေ၊ အကြောင်းအရာ ကိစ္စရပ်တွေကို ဝေဖန်ဆန်းစစ်ပြလိုသူတွေ ရှိတတ်တာ သဘာဝကျသည်။ လိုလည်း လိုအပ်သည်။ လူတိုင်းသည် လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ရှိသည်။ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခြေခံ အခွင့်အရေး ဖြစ်သည်။ ကောင်းစေလိုသော စေတနာ အရင်းခံဖို့သာ လိုသည်။ သို့သော် ကောင်းစေလိုသော “စေတနာ” တခုတည်းဖြင့် မလုံလောက်သေး။ ကိုယ်ပြောလိုက်တဲ့ စကားသည် အမုန်းစကား ဖြစ်သွားကာ၊ ကောင်းကျိုးထက် ဆိုးကျိုး ဖြစ်သွားနိုင်သလား ဆိုသည်ကိုတော့ အမြဲမပြတ် သတိချပ်သင့်သည်။
လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ကို ကိုယ်က ကျင့်သုံးလိုက်သည်နှင့် တပြိုင်နက် တခြားသူရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားရန်လည်း လိုမည်။ အများကောင်းကျိုး၊ (ချင်းလူမျိုးစု ကောင်းကျိုး) ဆိုသည့် အချက်ကိုလည်း လေးစားရမည်။ ထို့အတူ လူ့ကျင့်ဝတ် စံနှုန်းတွေကိုလည်း လိုက်နာအပ်သေးသည်။
အမုန်းစကား ဆိုသည်ကို တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆိုထားတာ မရှိသော်လည်း “ခွဲခြားဆက်ဆံခြင်း၊ ရန်လိုမုန်းတီးခြင်းနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာစေမယ့် လှုံ့ဆော်မှုတွေ ပါဝင်တဲ့ နိုင်ငံသားရေးရာ၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးနဲ့ ဆိုင်ရာ မုန်းတီးမှု ဖြစ်အောင် လုပ်တဲ့ မည်သည့် စည်းရုံး လှုံ့ဆော်မှုမျိုးကိုမဆို ဥပဒေနဲ့ တားမြစ်ရမည်” ဆိုသည့် ICCPR (နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ စာချုပ်) အပိုဒ် ၂၀ (၂) ဟာ ကိုးကားထိုက်သည်။ လူမျိုး၊ ဘာသာ၊ ဖြစ်တည်မှု စတာတွေကို ခွဲခြား နှိမ်ချပြီး အမုန်းပွားအောင် လုပ်တာဟာ အမုန်းစကားနဲ့ အကျုံးဝင်နိုင်ပါသည်။

အာဏာရှင်ရဲ့ အမုန်းတရား လက်နက်
မြန်မာနိုင်ငံ၏ အမုန်းစကားတွေဟာ လူမှုကွန်ယက်၊ အထူးသဖြင့် ဖေ့ဘွတ်ခ်ပေါ်က လာသည်။ အမုန်းစကားကို လက်နက်အဖြစ် စစ်အာဏာရှင် စနစ် တည်ဆောက်ဖို့ အသုံးချသည်။ အသစ်အဆန်း မဟုတ်ဘဲ သမိုင်းတလျှောက် ပုံစံအမျိုးမျိုးနှင့် အသုံးချခဲ့သည်။ လူမျိုးရေး၊ ဘာသာရေး စုံလင်ကွဲပြားမှုကို သပ်လျှိုသွေးခွဲရေး လက်နက်အဖြစ် အသုံးချခဲ့သည်။ စစ်တပ်၏ သမိုင်းဝင် အောင်မြင်မှုကြီးထဲက တခုဟု ဆိုနိုင်သည့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ကရင်များအကြား သွေးခွဲနိုင်ခဲ့ခြင်းသည် ယနေ့ထိတိုင် အနာမကျက်သေးသလို ရိုက်ခတ်နေဆဲ ကိစ္စရပ်တခု ဖြစ်သည်။ ထို့အတူ ရိုဟင်ဂျာ လူနည်းစုအပေါ် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ကာ လူသန်းချီ ဒုက္ခသည် ဖြစ်စေအောင်အထိ ကမ္ဘာကျော် လူမျိုးတုန်း သတ်ဖြတ်မှုမျိုး ကျူးလွန်ခဲ့သည်။
စစ်အာဏာ မသိမ်းခင် လေ့လာမှုတခုက စစ်အာဏာရှင်များသည် ပုံစံခြောက်မျိုးဖြင့် အမုန်းစကား ဖြန့်ဝေသည်ဟု ဆိုသည်။ ထိုနည်းနာများထဲတွင် လူနည်းစု လူမျိုးစုများနှင့် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင်များ နှစ်မျိုးစလုံးသည် လူမျိုး၊ ဘာသာရေးနှင့် နိုင်ငံအပေါ် ခြိမ်းခြောက်ခြင်း၊ အထူးသဖြင့် အစ္စလာမ်သည် “အကြမ်းဖက်သော” နိုင်ငံရပ်ခြားတွင် ကိုးကွယ်သည့်ဘာသာဖြစ်ပြီး မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထက် သာလွန်စေရန် ကြိုးပမ်းနေသဖြင့် မဖြစ်မနေဖြစ်လာမည့် ခြိမ်းခြောက်မှု တခုအဖြစ် ပုံဖော်ပြီး ဗုဒ္ဓဘာသာ အမျိုးသမီးများကို အကာအကွယ်ပေးရန် လိုအပ်သည်ဟု ပုံဖော်ခြင်းသည် အဓိက ကျောရိုး ဖြစ်သည်။ ထို့နောက်မှ ထိုခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန်နှင့် နိုင်ငံ၏ နယ်နမိတ်များနှင့် စည်းလုံးညီညွတ်မှု ဆက်လက်တည်ရှိနေရေးကို ကာကွယ်ရန် အတွက် စစ်တပ် မရှိမဖြစ် လိုအပ်သည်ဟု ဆိုသည့် ဝါဒဖြန့်ခြင်းကို သတင်းတု သတင်းမှားများ လှိုင်လှိုင်သုံးကာ လုပ်ဆောင်သည်။
အာဏာသိမ်းပြီးသည့် နောက်တွင်တော့ စစ်အာဏာရှင်၏ ဝါဒဖြန့် ယန္တယားသည် နယ်ပယ် စုံလာသည်။
NUG နှင့် တော်လှန်ရေးတပ်များကို အပုပ်ချ နာမည်ဖျက်ဖို့ ကြိုးစားသည်။ ရခိုင်တွင် ရခိုင်နှင့် မွတ်စလင်များအကြား ရန်တိုက်သည်။ မြောက်ပိုင်းတွင် ကချင်နှင့်တအောန်း၊ ကချင်နှင့် ရှမ်းနီ၊ ရှမ်းနှင့် တခြားလူမျိုးစုများ၊ ကရင်နီတွင် ပအိုဝ့်နှင့် ကရင်နီများ စသည် စသည်ဖြင့် လူမျိုးစုများအကြား အမုန်းပွားစေရန် အကောင့်အတုများဖြင့် ပလက်ဖောင်း ပေါင်းစုံမှ ဝါဒဖြန့် ပုံဖော်သည်။ မြန်မာပြည် အလယ်ပိုင်းတွင်တော့ နိုင်ငံရေး အသွေးအရောင်ကို အခြေခံကာ အမုန်းစကား ဖြန့်သည်။ ဖေ့ဘွတ်တွင် ကန့်သတ်ခံရသောအခါ တယ်လီဂရမ်၊ တစ်တော့တို့တွင် တွင်တွင် ကျယ်ကျယ် လုပ်ဆောင်သည်။ သူ့လူကိုယ့်ဘက်သားတွေ ဟန်ဆောင်တွေ ဘယ်လောက်များနေမလဲ စဉ်းစားကြည့်နိုင်သည်။ ချင်းလူမျိုးစု အရေးကိစ္စတွင်လည်း ချင်းနာမည်များဖြင့် အကောင့်အတုများ မည်မျှ များနေမည်ကို လေ့လာကြည့်သင့်သည်။ ဤသည်က အပြင်ကနေ စစ်ကောင်စီက ရှို့နေသော လူမျိုးရေး ပဋိပက္ခမီး ဖြစ်သည်။
အချင်းချင်းကြားက အမုန်းစကား
သို့သော်လည်း သူ့ချည်းသာလော၊ ဆားနှင့်ပါ ဘုရားဟု ဆိုရမည့် ကိုယ့်လူတွေထဲက လူတွေသည်လည်း သိ၍ ဖြစ်စေ၊ မသိ၍ ဖြစ်စေ အမုန်တရား ဖြန့်ရာတွင် ပါဝင်နေကြသည်ကို ဝမ်းနည်းစွာ တွေ့ရသည်။
ထိုအထဲတွင် ပထမဆုံး အခြေတည်သည်က မြေပြင်ပဋိပက္ခများကို ဖြစ်စေသူများ ဖြစ်သည်။ သူ့တပ်၊ ငါ့တပ်၊ သူ့နယ် ငါ့နယ် ရန်စောင်သူတွေ မနည်း။ တချို့က နောက်ကွယ်က အကျိုးစီးပွား ရှိမည်။ တချို့က အာဏာဒဏ်ကို မခံနိုင်ခြင်း ဖြစ်နိုင်သည်။ သို့သော် ရိဒ်ခေါဒါရ်က တိုက်ပွဲ (ရန်ပွဲ) သည် ရိဒ်ခေါဒါရ်တွင်သာ ရပ်မနေ။ မြန်မာပြည်အနှံ့၊ ကမ္ဘာအနှံ့ ပျံ့နှံ့သည်ကို ပါဝင်သူ ညီအကိုတွေကို အသိပေးလိုသည်။
နောက်တဆင့်တွင်တော့ ထောက်ပို့တွေက တဆင့် သက်ဆိုင်ရာ နိုင်ငံ အသီးသီးမှာ ရှိသည့် ချင်းလူမျိုးစုများဆီ ပျံ့နှံ့ ရောက်ရှိသည်။ မြေပြင်မှာ ဟိုဘက်ရွာ ဒီဘက်ရွာက လူနှစ်ယောက် သူ့တို့ ကိုယ်ရေးကိုယ်တာ အကြောင်းဖြင့် ရန်ဖြစ်သည့် ကိစ္စသည် အွန်လိုင်းပေါ်တွင်တော့ လူမျိုးစု နှစ်ခုအကြား တိုက်ပွဲခေါ်သံကြီး အဖြစ် ပြောင်းချင် ပြောင်းသွားတတ်သည်။ သတင်း အတု သတင်းအမှားများကို မစိစစ်ဘဲ အလွယ်လိုက် အဟုတ်ထင်ဟာ ပြောဆို တတ်ကြသည်။
လတ်တလော သတင်းတွေ လေ့လာကြည့်သလောက်၊ ချင်းပြည်ရှိ အမုန်းစကား ပုံစံတချို့ကို သတိထားမိသည်။ ပထမတခုက ဘာသာစကား ကွဲပြားမှု (ဟားခါးစကား၊ ဖလမ်းစကားစသည်) အပေါ် အခြေခံသည်။ နောက်တခုက တောင်ပိုင်းမြောက်ပိုင်း ခွဲခြားရှုမြင် တတ်ကြခြင်း။ ထို့နောက်တွင် နိုင်ငံရေး မဟာမိတ်ပြုမှုအပေါ် အခြေခံကာ ကွဲပြားကြခြင်း။ ထိုအချက်ကလည်း တောင်ပိုင်း မြောက်ပိုင်းနှင့် အနည်းငယ် ဆက်စပ်သည်။ ထို့နောက်တွင်တော့ ဒေသအသီးသီးတွင် ရောထွေးယှက်တင် ဖြစ်နေသည့် လူမျိုးစု ကွဲပြားခြင်းက အပြင်က လူတယောက်အဖို့ နားလည်ရ ခက်စေသည်။ အဆိုးတကာ့ အဆိုးဆုံးကတော့ လူဦးရေ ပြောပြလောက်အောင် မရှိပါဘဲလျက် မျိုးနွယ်စု တခုတည်း အတွင်းတွင် အဖွဲ့ကွဲကာ ရန်လိုနေကြခြင်း ဖြစ်သည်။ တချို့နေရာဆိုလျှင် နှစ်ဖွဲ့ထက်မက ရှိနိုင်သည်။
မည်သို့ပြင် ဖြစ်စေ အချင်းချင်း အမုန်းမပွားအောင် သတိထား ပြောဆို ထောက်ပြ ဝေဖန်ကြဖို့တော့ လိုအပ်သည်က အမှန်။ အမုန်းစကားတွေနဲ့ လောင်စာမထည့်မိအောင် ဂရုစိုက်ဖို့ အလွန်ပင် အရေးကြီးသည်။ အမုန်းစကားတွေ လျော့နည်းဖို့အတွက် သတင်းအတု၊ အစစ် သေချာစွာ ခွဲခြားပြီးမှ ယုံကြည်ဖို့၊ လိုင်းပေါ်မှာတွေ့တိုင်း အမှန်မထင်ဖို့၊ သတင်းတု စိစစ်ရေး စာမျက်နှာတွေကို ပုံမှန်ကြည့်ရှုဖို့လည်း လိုသေးသည်။ ချင်းလူထု အသိုက်အဝန်းအတွင်း သတင်းတုများ ရှာဖွေ ဖော်ထုတ်ရေး အားကောင်းစေချင်မိသည်။
တိုက်တွန်းစကား
ချင်းမဟုတ်သော အခြား ဒေသက မြန်မာပြည်သူ တယောက်အဖို့ ချင်းလူမျိုးစုတို့အရေးကို ချင်းလူမျိုးစုလောက် မသိနိုင်သည်ကို ဝန်ခံလိုပါသည်။ သို့သော် တော်လှန်ရေး လမ်းမကို အတူလျှောက်လှမ်းနေသူ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် တိုင်းပြည်ကို စိတ်ကူးယဉ်နေသူ ညီအကို တယောက် အနေဖြင့်တော့ မေတ္တာစကားတချို့ ဆိုချင်ပါသည်။ တကယ့် သေရေးရှင်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အချင်းချင်း ရန်ဖြစ်နေတာကို မြင်ရတာတွေက မုန်းစရာ ကောင်းလှသည်။ အဝေးက မိတ်ဆွေ တယောက် အနေနဲ့ ကိုယ့် မိတ်ဆွေ သူငယ်ချင်းတွေ အချင်းချင်း ရန်ဖြစ်တဲ့ သတင်းတွေ ဖတ်ရတာ ဝမ်းနည်းစရာ ကောင်းလှသည်။
ကျွန်တော်တို့ အချင်းချင်း ရန်ဖြစ်ကြသည့် သတင်းတပုဒ်သည် တော်လှန်ရေး အသိုက်အဝန်း တခုလုံးဆီ ပျံ့နှံ့ရောက်ရှိသည်။ နိုင်ငံတကာကို ရောက်ရှိသည်။ တော်လှန်ရေး တစုံလုံးအပေါ် သက်ရောက်မှုရှိသည်။ ဤအချက်သည် အရေးကြီးသည်။ ကျွန်တော်တို့က နိုင်ငံတကာ ထောက်ပံ့မှု မရှိသည်ကိုသာ ပြောသည်။ နိုင်ငံတကာက ကျွန်တော်တို့ကို ဘယ်လို မြင်နေသည်ကို မသိကျိုးကျွံပြုနေသလို ဖြစ်နေတတ်သည်။ နိုင်ငံတကာ အမြင်တွင် “တော်လှန်ရေး အဖွဲ့အစည်းတွေက အချင်းချင်းတောင် မတည့်” ဟု မြင်နေသည်က ခပ်များများ။
ဒါ့အပြင် ကျွန်တော်တို့ အချင်းချင်း ရန်ဖြစ်ကြသည်ကို အားလုံးရဲ့ ရန်သူ စကစက ပျော်ပျော်ကြီး ကြည့်နေမည်။ မီးဘယ်လို ထပ်ရှို့ရမလဲ ဗျူဟာ ဆွဲနေမည်။ မရာလန်းမှာ မရာညီကိုတွေ ရန်ဖြစ်နေတာကို စကစက နေပြည်တော်ကနေ ပြုံးပြုံးကြီး ကြည့်နေတယ်ဆိုတာကို အမှတ်ရစေချင်သည်။
ချင်းညီအကိုအချင်းချင်း ပဋိပက္ခဖြစ်နေတဲ့ကာလမှာ လူမှုကွန်ယက်ကနေ ချင်းညီအကိုအချင်းချင်း ကဲ့ရဲ့တာတွေ စစ်ရေးလှုံ့ဆော်တာတွေကို ဆိုရှယ်လူမှုကွန်ယက်ပေါ်ကနေ တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်တာတွေကိုလည်း ချက်ခြင်းရပ်တန့်ပေးဖို့ အမေရိကန်နိုင်ငံအခြေစိုက် Chin Peace and Reconciliation Initiatives – CPRI အဖွဲ့က ဦးဆောင်သူ ၅ ဦးကလည်း ထုတ်ပြန်တောင်းဆို ဆိုတဲ့ သတင်မျိုး ဖတ်ရပြန်တော့ ဝမ်းသာရပြန်သည်။ များများ လုပ်မှ ဖြစ်မည်။
ထို့အတူ ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေကြားက ပဋိပက္ခလျှော့ချနိုင်ရေး #ChinSoliidarityNow online လူထုလှုပ်ရှားမှု ပြုလုပ်မည် ဆိုသည့် လှုပ်ရှားမှုမျိုးကိုလည်း အားပေးချင်မိသည်။ “ချင်းနဲ့ချင်း တိုက်ပွဲမှာ ချင်းပဲ ရှုံးတယ်” ဆိုသည့် သတင်းစကားက ပြင်းသည်။ တကယ်တော့ “ချင်း” တွေတင် ရှုံးတာ မဟုတ်။ တော်လှန်ပြည်သူတွေ အကုန်လုံး ရှုံးတာဟု ဆိုလိုက်ချင်သည်။
ဒက်စမွန် နွေဦး