
ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ကျော်လွှားနိုင်ရန်၊ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ကစတင်ပြီး Bachelor of Medicine, Bachelor of Surgery (M.B.,B.S) သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်တယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့သြဂုတ်လ ၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။
ဒီသင်တန်းကို Interim University Council, Univeristy of Medicine 1 နှင့် Ministry of Health and Sports, Government of Chinland တို့ပူးပေါင်းပြီး ဖွင့်လှစ်မှာလို့လည်း ထုတ်ပြန်ထားပါတယ်။
သင်တန်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ကနေစတင်မှာဖြစ်သလို သင်တန်းသား လူဦးရေကို ၃၀ ဦးသာ လက်ခံထားပြီး စာသင်နှစ်ကို ၆ နှစ် နဲ့ အလုပ်သင် ၁ နှစ် ဖြစ်ပြီး ပေးအပ်မည့်ဘွဲ့က Bachelor of Medicine, Bachelor of Surgery (M.B.,B.S) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လျှောက်ထားချင်သူတွေအနေနဲ့ ၂၀၂၁ မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်များနှင့် ၂၀၂၁ နောက်ပိုင်း NUG ၁၀ တန်း (စနစ်ဟောင်း)၊ (၁၂) တန်းအောင် ဖြစ်ရမည်။ သို့မဟုတ် ချင်းပြည် (Chinland) အစိုးရ၊ ပညာရေး ဝန်ကြီးဌာန အောက်ရှိ Pre college တက်နေသူ သို့မဟုတ် ပြီးစီးသူဖြစ်ရမှာဖြစ်ပြီး၊ အနည်းဆုံး BECA Grade C အဆင့်ရသောသူ၊ အသက် (၂၅) နှစ်အောက်ဖြစ်ရမည်၊ သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ခဲ့သူဖြစ်ဖြစ်ရမည်။ (Maths, Chemistry, Biology) တို့တွင် အမှတ် ၇၀ နှင့်အထက်ရှိပြီး English ရမှတ် ၆၀ မှတ်နှင့်အထက်ရှိသူဖြစ်ရမည် စတဲ့ သတ်မှတ်ချက် ၁၁ ချက်ကိုလည်း ဖော်ပြထားပါတယ်။.
သင်တန်း လျှောက်ထားသူတွေအနေနဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ လ (၃၀) ရက်နေ့ ၊ ညနေ ၄း၀၀ နာရီ နောက်ဆုံးထားလျှောက်ရမှာလို့လည်း ထုတ်ပြန်ထားပါတယ်။
လျှောက်လွှာကို သက်ဆိုင်ရာ ဒေသန္တာရ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးကိုယ်စားလှယ်ထံတွင်ရယူ၍ ဖြစ်စေ၊ Ministry of Health and Sports, Government of Chinland ၏ Facebook Messenger တွင် Google link ကိုတောင်းခံပြီးဖြစ်စေ ရယူနိုင်သလို ပြည့်စုံစွာဖြည့်သွင်းပြီးသော လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန်လည်း ဖော်ပြထားပါတယ်။