
ချင်းတောင်ကို ကလေးမြို့ကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၁၉ ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံတွေနဲ့ Ranger Kalay Defend Force ထံ အလင်းဝင်ခဲ့တယ်လို့ သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကလေးမြို့ကနေ ချင်းတောင်ကို စစ်ကြောင်းထိုးခဲ့တဲ့ မေလက စတင်ပြီး ဇူလိုင်လ အတွင်း အလင်းဝင်လာသူတွေဖြစ်ပြီး အလင်းဝင်လာသူတွေထဲက ၁၈ ဦးဟာ အတင်းအဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးခံရသူတွေဖြစ်ပြီး ကျန် ၁ ဦးက ဒုတပ်ကြပ်အဆင့် ရှိသူဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာတဲ့ စစ်သည် ( ၁၉ ) ဦးက လက်နက်ငယ် ၃လက် ၊ ကပစကျည် ၈၀၀ ၊ ကျည်ဘောက် ၂၀ ၊ လက်ပစ်ဗုံး ၈လုံးတို့နှင့်အတူ အလင်းဝင်လာကြပြီး ထိုသို့ လက်နက်ငယ်များယူဆောင်လာခဲ့သည့် စစ်သည်များအား ဆုငွေသိန်း ၅၀ ပေးအပ်ခဲ့ပြီး အလင်းဝင်လာသူအားလုံးအား နေထိုင်စားသောက်ရေး ၊ ကျန်းမာရေး ၊ မိသားစုနှင့်အဆက်အသွယ်ရရှိရေးများ လုပ်ဆောင်ပေးထားတဲ့ကြောင်းကိုလည်း Ranger Kalay Defend Force က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကစလို့ ကလေးမြို့ကနေ အင်အားရာချီတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ချင်းပြည်နယ် မြောက်ပိုင်းချင်းတောင်ပေါ်ကို ထိုးစစ်ဆင်လာခဲ့ပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ဝိုင်းဝန်းခုခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုရှိကာ ဇူလိုင်လ ၅ ရက်မှာ ကလေးမြို့ဘက်ကို ပြန်ဆုတ်သွားခဲ့ရပါတယ်။