
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ အမေရိကန်ဖိုက်တာ Brandon Royval တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲကို ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ် ကမ္ဘာကျော် ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွေကျင်းပနေတဲ့ UFC က ရွေးချယ်လိုက်ကာ၊ယခုအချိန်ကစပြီး UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ကို အရည်အချင်းသတ်မှတ်ချက် Ranking အဆင့် ၁ တိုးမြင့်သတ်မှတ်လိုက်ကြောင်းသိရပါတယ်။
ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ဖလိုင်းဝိတ်တန်းရဲ့အဆင့် ၁ သတ်မှတ်ခံရတဲ့ အမေရိကန်ဖိုက်တာ Brandon Royval တို့ အကြိတ်အနယ်ထိုးသတ်ခဲ့တဲ့ ပွဲဟာ ပရိသတ်အကြိုက်တွေ့ခဲ့ကြပြီး အဲဒီပွဲမှာ ဖိုက်တာ ၂ ယောက်စလုံးက လက်သီးချင်းအားပြိုင်ခဲ့ရာ တတိယအချီမှာ ဒိုင်အဆုံးအဖြတ် အမှတ်နဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van က အနိုင်ရခဲ့ပါတယ်။
ဒိုင်အဆုံးအဖြတ် အမှတ်နဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van အနိုင်ရရှိခဲ့တဲ့ အဲဒီပွဲကို ပြိုင်ပွဲရဲ့ Fight of the Night အဖြစ်ရွေးချယ်ခဲ့သလို ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ် ထပ်မံရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။
ချင်းလူငယ်ဖိုက်တာ Joshua ဟာ UFC ဖလိုင်းဝိတ်တန်းရဲ့အဆင့် ၁ သတ်မှတ်ခံရတဲ့ အမေရိကန်ဖိုက်တာ Brandon Royval ကို
လက်စွမ်းပြအနိုင်ရခဲ့လို့ ဝါရင့် MMA ဖိုက်တာတွေရဲ့ ချီးကျူးတာကိုလည်း ခံခဲ့ရသလို UFC ရဲ့ ဖလိုင်းဝိုတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုပါ စိန်ခေါ်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
မြန်မာပြည်ဖွား ၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်း UFC ပြိုင်ပွဲ ၂ ပွဲ ယှဉ်ပြိုင်ခဲ့ကာ ၂ ပွဲဆက်အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။ မြန်မာပရိတ်သတ်အများအပြားက အားပေးနေတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိအချိန်ထိ UFC ပြိုင်ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားကာ ၈ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်ကောင်း ရရှိထားသူလည်းဖြစ်ပါတယ်။

