
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tuipangကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က Maraland Defense Force(MDF )ဒု – ဥက္ကဌဟာ စစ်ဘက်ဆိုင်ရာပစ္စည်း သယ်လာတဲ့ ကားပေါ်ပါလာလို့ ခဏဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ MDF ဘက်က တာဝန်ရှိသူတစ်ဦးက Chin World Mdeia ကို ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Maraland Defense Force (MDF )တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒု – ဥက္ကဌကို ဖမ်းဆီးခံရတယ်ဆိုတာ ဟုတ်ပါတယ် သူ့ပစ္စည်းတော့ မဟုတ်ပေမဲ့ စစ်ဘက်ဆိုင်ရာ သယ်လာတဲ့ ကားပေါ်တက်လာလို့ သူ့လဲ ခဏစစ်ဆေးနေတဲ့ သဘောပါ သူက လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ဆိုတော့ ရဲတွေက နည်းနည်း အကြမ်းကိုင်ချင်တဲ့သဘောပါ” လို့ပြောပါတယ်။
Maraland Defense Force (MDF) ရဲ့ ဒု – ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၁၇ ရက်နေ့မှာ မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုလိုဖမ်းဆီးခံရတာဟာ တိုင်တန်းတဲ့သူရှိတာကြောင့်လို့ သိရပြီး လက်ရှိအချိန်မှာ သူပြန်လည်လွတ်မြောက်လာဖို့အတွက်ကိုလည်း ကြိုးစားဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။
MDF ရဲ့ ဒု – ဥက္ကဌ အပါအဝင် လူသုံးဦးကို အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဓာတ်ပုံတွေလည်း ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတာကိုလည်း တွေ့နေရပါတယ်။