
IMC / Chinland Defense Force – Mara (CDF-Mara) နဲ့ Mara Defense Force (MDF) တပ်ဖွဲ့တွေအကြား ဇူလိုင်လ ၁၄ ရက်နေ့ကစလို့ ဖာရ်တလန်ရွာ အနီး နေရာသုံးခုမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့ချိန်ထိ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ကြောင်း IMC/ CDF – Mara က ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
IMC / CDF – Mara အနေ နဲ့ MDF တပ်ဖွဲ့နှင့် အချင်းချင်းကြား စစ်ရေးပွတ်တိုက်မှုမရှိအောင် CDF – Mara ဌာနချုပ် ဧရိယာကနေ ထွက်ခွာဖို့ ဇူလိုင် ၅ ရက်နေ့က အသိပေးပေမယ့် မလိုက်နာဘဲ CDF – Mara ဌာနချုပ် ဧရိယာကို အင်အား ၂၀၀ ဝန်းကျင့်နဲ့ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာလို့ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဇာရ်တလန်ရွာ အနီး ၃ နေရာမှာ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ MDF အနေနဲ့ အင်အားအလုံးအရင်းနဲ့ CDF – Mara ဌာနချုပ်ကို သိမ်းပိုက်ဖို့နဲ့ ချင်းပြည်နယ်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန် လမ်းကြောင်းဖောက်ထွင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့လည်း IMC/ CDF – Mara က ထုတ်ပြန်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ MDF တပ်ဖွဲ့နဲ့အတူ အာရက္ခတပ်တော်(AA)ပါဝင်တယ်လို့ CDF-Mara ကထုတ်ပြန်ထားပေမယ့် Chin World Media အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
MDF / AA တပ်ဖွဲ့တွေဟာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့အထိ နောက်မဆုတ်ဘဲ ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် IMC / CDF – Mara တပ်ဖွဲ့တွေအနေနဲ့ မိမိဌာနချုပ်မကျစေရေးတွက် ပြည်သူတွေနဲ့ ပူးပေါင်းပြီး ရရာလက်နက်တွေနဲ့ ခုခံကာကွယ်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။
IMC / CDF – Mara ဟာ CNF က ဦးဆောင်ဖွဲ့စည်းတဲ့ ချင်းပြည် ( Chinland) ကာင်စီအဖွဲ့ဝင်ဖြစ်ပြီး MDF ကတော့ ချင်းညီနောင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။