Headlines

အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များအရေး လျစ်လျူရှုခံရတော့မလား

DonBosco

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ( UNHCR – India ) ရုံးရှေ့မှာ ချင်းဒုက္ခသည်ကော်မတီ ( CRC) ဦးဆောင်မှုနဲ့ မြန်မာ/ချင်းစစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဒုက္ခသည်အခွင့်အရေးရရှိဖို့ ဇူလိုင်လ ၇ ရက်နေ့ကစလို့ ဒီကနေ့ဇူလိုင် ၃၀ ရက် ထိ နေ့စဉ်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြ ပေမယ့် UNHCR ဖက်က ဒီကနေ့အချိန်ထိ ဘာမှမတုံ့ပြန်တဲ့အတွက် အိန္ဒိယနိုင်ငံရောက် ဒုက္ခသည်များအရေး လျစ်လျူရှုခံရတော့မလားဆိုပြီး ဆန္ဒဖော်ထုတ်နေတဲ့ဒုက္ခသည် တွေဟာ စိုးရိမ်နေကြပါတယ်။

“UNHCR ကလည်းကျမတို့ကိုစောင့်ကြည့်နေတာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ရပ်တော့မလားဆိုတာမျိုးတွေစောင့်ကြည့်နေတာဖြစ်တယ်။ ကျမတို့အစပျိုးတဲ့ဟာကို အောင်မြင်သည်အထိ ဆက်လျှောက်ရမှာဖြစ်တယ်။ ကျမတို့ပိုပြီးစည်းလုံးဖို့လိုအပ်ပါတယ်။ ကျမတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကိုယ့်အလုပ်ကိုတောင်နားတာ၊ တစ်ချို့ အလုပ်ပြုတ်ခံပြီး ဆန္ဒပြပွဲမှာပါဝင်နေတာဖြစ်တယ်”

ဒါကတော့ လက်ရှိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ အခြေစိုက်တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR-India )ရှေ့မှာ ဒုက္ခသည်အဆင့်အတန်းအသိအမှတ်ပြုရေး (RSD) အတွက် နေ့စဉ်ဆန္ဒဖော်ထုတ်စဉ် Chin Refugee Committee – New Dehli ရဲ့ဥက္ကဌ မိုင်စုထွေးအောင်က ပြောကြားတဲ့စကားပဲဖြစ်ပါတယ်။

မိုင်စုထွေးအောင်က “ ၂၀၂၁ ကတည်းက နှုတ်ကတိနဲ့ညှိနှိုင်းခဲ့တာတစ်ခုမှအဆင်မပြေဘူး။ အက်ရှင်အနေနဲ့ လုပ်လာတာမျိုးရဖို့အထိဆောင်ရွက်မယ်။ ကျမတို့ဒီကိစ္စက အကြမ်းဖက်မှုနည်းနဲ့တစ်ခုမှ မလုပ်ဘူး။ သူတို့အနေနဲ့ ကမ်းလှမ်းလာတာမျိုးရှိလာတယ်။ အလုပ်ဖြစ်မဖြစ်မသိဘူး။ ဒါပေမယ့် ကျမတို့ အနေနဲ့ ဆွေးနွေးမယ်။ Chief of Mission ကကျမတို့ကိုလာတွေ့ရမှာဖြစ်တယ်။ ဒါပေမယ့် သူ့လုံခြုံရေး အကြောင်းပြချက် ဆိုပြီးအခုထိလာမတွေ့ဘူး” လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၅ သိန်းဝန်းကျင်ရှိတဲ့အထဲ လူဦးရေ ၂ သိန်းဝန်းကျင်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေအဖြစ် ေဘးလွတ်ရာဒေသတွေကို ပြောင်းရွှေ့ပြီး အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှင်းနေကြရကာ၊ဒုက္ခသည်အဖြစ် ထွက်ပြေးနေရတဲ့ ချင်းလူဦးရေ ၂ သိန်းထဲကနေ ၁ သိန်းသုံးသောင်း ဝန်းကျင်ဟာ ပြည်တွင်းကိုပြောင်းရွှေ့ပြီး ၇ သောင်းဝန်းကျင်ကတော့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်အဖြစ်နေရတယ် လို့ ချင်းဒုက္ခသည်တွေကိုကူညီပံ့ပိုးပြီးချင်းအရေး သုတေသနလုပ်နေတဲ့ ချင်းရေးရာအဖွဲ့ချုပ်( ICA) ရဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၃,၀၃၆ ဦးဟာ မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်တယ်လို့ မီဇိုရမ်ပြည်နယ် Disaster Management and Rehabilitation ဦးစီးဌာနက ၂၀၂၄ ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖော်ပြပေမယ့် ချင်းရေးရာအဖွဲ့ချုပ်(ICA) ရဲ့ ဒေတာအချက်အလက်အရ လူဦးရေ ၄၅,၀၀၀ ခန့်ရှိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ ချင်းလူမျိုးတွေဖြစ်ပြီး ကျန်သူတဲ့သူတွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေလို့ ICA က ဆိုပါတယ်။

ဇူလိုင်လ ၇ ရက်ကစလို့ UNHCR-India ရုံးရှေ့မှာ မြန်မာ/ချင်းစစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့နေ့စဉ်ဆန္ဒဖော်ထုတ်မှုမှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် အခြေစိုက်ဌာနေတိုင်းရင်းသားအခွင့်အရေးဆောင်ရွက်တဲ့ ZORO အဖွဲ့ရဲ့ General Secretary ဖြစ်သူ Lalrinawi Valte လည်းသွားရောက်ပါ၀င်ခဲ့ပြီး Jeneva Convention အထိသွားကာ အခြေအနေကို တင်ပြပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိန္ဒိယနိုင်ငံဖက်ကို မြန်မာပြည်သူအများအပြားတိမ်းရှောင်ခဲ့ပေမယ့် ဒုက္ခသည်အဆင့်သတ်မှတ်တာမျိုးမရှိပဲ ခိုလှုံခွင့်တောင်းသူများအဆင့် (Asylum Seeker) နဲ့သာ ယနေ့အချိန်ထိ သတ်မှတ်ခြင်းခံရတဲ့အနေအထားဖြစ်ပါတယ်။ အဲဒီအဆင့်ဟာ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ခံရဖို့အတွက် တရားဝင်လျှောက်ထားတဲ့အဆင့်ဖြစ်တဲ့အတွက် ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေဆုံးရှုံးရတဲ့အနေအထားမှာရှိနေဆဲဖြစ်ပါတယ်။ Asylum seeker အဆင့် ဒုက္ခသည်တွေကို RSD အဆင့် သတ်မှတ်ဖို့အတွက် ခြောက်လအတွင်း အင်တာဗျူးခေါ်ပြီး ငြင်းပယ်တာ၊ အသိအမှတ်ပြုသတ်မှတ်တာတွေလုပ်ဆောင်ရမှာကို UNHCR အနေနဲ့ပျက်ကွက်နေတယ်လို့ဆိုကြပါတယ်။

Aslylum Seeker အဆင့်ဆိုတာ မိမိတို့မူလနေထိုင်တဲ့နိုင်ငံမှာ အသက်အန္တရယ်ခြိမ်းခြောက်ခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ နှိပ်စက်ညှင်းပန်းခံရတဲ့ အန္တရယ်ရှိတဲ့အတွက် တစ်ခြားနိုင်ငံမှာ နိုင်ငံတကာ အကာကွယ်ပေးဖို့အတွက် တရားဝင်လျှောက်ထားမှုပြုလုပ်ထားသူတွေဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတစ်ဦးဟာ အိမ်နီးချင်းနိုင်ငံတစ်ခုကို ထွက်ပြေးသွားပြီး ထိုနိုင်ငံအစိုးရနဲ့ UNHCR မှ နိုင်ငံတကာအကာအကွယ်ပေးဖို့ လျှောက်ထားချက်ကို စိစစ်နေစဉ်ကာလအတွင်းမှာ အဲဒီပုဂ္ဂိုလ်ကို Asylum Seeker လို့ သတ်မှတ်တာ ဖြစ်ပါတယ်။ စိစစ်ပြီးလို့ သူ့ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတာ မှန်ကန်တယ်၊ နှိပ်စက်ညှဉ်းပန်းခံရနိုင်ခြေရှိတယ်လို့ လက်ခံနိုင်ငံက အသိအမှတ်ပြုလိုက်မှ Refugee (ဒုက္ခသည်) အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ခံနိုင်ငံရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဥပဒေအရ တရားဝင်စိစစ်ပြီး UNHCR နဲ့အတူ အကာအကွယ်ပေးသင့်သူ၊ နှိပ်စက်ညှဉ်းပန်းမှုရဲ့ သားကောင်ဖြစ်ခဲ့သူ ဒါမှမဟုတ် ဖြစ်လာနိုင်ခြေရှိသူ အဖြစ် အသိအမှတ်ပြုခံရသူအဆင့် အဖြစ်တောင်းဆိုနေကြခြင်းဖြစ်ပါတယ်။

Aslym Seeker အဆင့်ဟာ လူတစ်ဦး ဒုက္ခသည်အဆင့်အတန်း မရရှိသေးခင်မှာ မိမိနိုင်ငံကို အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်းမှ ကာကွယ်ပေးထားတဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ အခွင့်အရေး (non-refoulement principle) ကို ရရှိပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာတော့ တစ်စိတ်တစ်ပိုင်းသာ လုံခြုံမှုရှိပြီး စိန်ခေါ်မှုများစွာရှိနေပါတယ်။ ဒုက္ခသည်အဆင့်အဖြစ် အသိအမှတ်ပြုခြင်းမှသာ ပိုမိုအာမခံချက်ရှိတဲ့ လုံခြုံမှုကို ခံစားရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာစစ်တပ်အာဏာမသိမ်းခင်က အိန္ဒိယဟာ မြန်မာဒုက္ခသည်တွေအတွက် တတိယနိုင်ငံကို Resettlement ပြုလုပ်နိုင်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် အနည်းနဲ့အများ ရှိခဲ့ဖူးပါတယ်။

“၂၀၂၀ မတိုင်ခင်မှာ India UNHCR ရုံးကနေ UN card ရပြီးသွားတာမျိုးပုံမှန်အားဖြင့်နှစ်စဉ် နည်းနည်းစီရှိပေမယ့် Covid ဖြစ်တော့မသွားဖြစ်ကြတော့ဘူး။ ၂၀၂၁ နောက်ပိုင်းမှာ UN Card ရှိပြီးသူတွေ ဘယ်နိုင်ငံကိုသွားရမလဲဆိုပြီး အထောက်အထားရပြီးသူတွေက Private အထောက်အပံ့နဲ့ထပ်ပြီးသွားကြတယ်။ UNကဒ်ရပြီးသူတွေထဲက အာဏာသိမ်းမှုဖြစ်သွားလို့နေရပ်ပြန်ဖို့ Dangerous အနေအထားဖြစ်တယ်ဆိုပြီး ခေါ်တာများခဲ့တယ်။ ကျ နော်တို့ဆီရှိတဲ့စာရင်းအရဆို ၂၀၂၁ နောက်ပိုင်း အစတည်းက UN card ရှိပြီးသူတွေထဲ့မှာ ဩစတေးလျကို အိမ်ထောင်စု ၃၀ လောက်နဲ့ US ကိုအိမ်ထောင်စု ၄၀ လောက်သွားခဲ့ကြတယ်။ အဲနောက်ပိုင်းတော့ ထပ်သွားတာအကြောင်းအမျိုးမျိုးကြောင့်မရှိတော့ဘူး ” လို့ လက်ရှိ မီဇိုရမ်ပြည်နယ်မှာ အခြေစိုက်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ Director ဖြစ်သူ Pu Terah က Chin World Media ကို ပြောပြပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ချင်းပြည်နယ်နဲ့တဆက်တည်းတည်ရှိတဲ့ အိန္ဒိယနိုင်ငံဖက်ကိုတိမ်းရှောင်ခိုလှုံတဲ့ မြန်မာ/ချင်းဒုက္ခသည်ဦးရေ သိသိသာသာ တိုးလာသလို၊ အိန္ဒိယအစိုးရရဲ့ မူဝါဒတွေ ပိုမိုတင်းကျပ်လာတာကြောင့် UNHCR က RSD လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရတာ ခက်ခဲလာပြီး၊ တတိယနိုင်ငံ Resettlement ရရှိဖို့ အခွင့်အလမ်းဟာလည်း အလွန်ရှားပါးသွားပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယရောက် မြန်မာဒုက္ခသည်များစွာဟာ တရားဝင်အဆင့်အတန်း၊ အခြေခံအခွင့်အရေးနဲ့ လုံခြုံမှုမရှိခြင်းတို့ရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ ၁၉၆၇ ခုနှစ် နောက်ဆက်တွဲ ပရိုတိုကောလ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ ဒါ့အပြင် ဒုက္ခသည်များနဲ့ပတ်သက်ပြီး ဘက်စုံပြည့်စုံတဲ့ ပြည်တွင်းဥပဒေ (National Refugee Law) လည်း မရှိပါဘူး။

ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ သမိုင်းတစ်လျှောက်လုံး အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ တိဗက်၊ အာဖဂန်နစ္စတန်၊ မြန်မာတို့မှ ဒုက္ခသည်များစွာကို လက်ခံခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယအစိုးရက ၁၉၅၁ ခုနှစ် ကွန်ဗင်းရှင်းကို လက်မှတ်မထိုးထားပေမယ့်၊ UNHCR ရုံးကို နယူးဒေလီမှာ ဖွင့်လှစ်ခွင့်ပြုထားပါတယ်။ UNHCR အနေနဲ့ အိန္ဒိယအစိုးရရဲ့ လုပ်ပိုင်ခွင့် (mandate) အောက်မှာ ခိုလှုံခွင့်တောင်းခံသူတွေ အတွက် Refugee Status Determination (RSD) လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးနေပါတယ်။

UNHCR ကနေ Refugee Status Determination ရရှိထားတဲ့သူတွေကို အိန္ဒိယအစိုးရက ယာယီနေထိုင်ခွင့်ပါမစ် (Temporary Residence Permit) ထုတ်ပေးတာမျိုးနဲ့ အကာအကွယ်ပေးတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါက ဥပဒေအရ မဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာ (administrative) အဆင့်မှာ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။

UNHCR က ဒုက္ခသည်များနဲ့ ခိုလှုံခွင့်တောင်းခံသူများအတွက် အခြေခံလိုအပ်ချက်များဖြစ်တဲ့ အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေအကြံဉာဏ်ပေးမှု၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးရမယ့်တာဝန်ရှိပါတယ်။

မိုင်စုထွေအောင်က “ UNHCR ကကျမတို့ ဒုက္ခသည်တွေရဲ့ အခွင့်အရေးကိုချိုးဖောက်နေတာဖြစ်တယ်။ ဒါကြောင့် ကျမတို့အခုလို ဆန္ဒပြဖို့ဖြစ်တယ်။ ကာကွယ်ပေးဖို့အစား ချိုးဖောက်နေတာဖြစ်တဲ့အတွက် ဘယ်သူမှရဲ့တိုက်တွန်းချက်မဟုတ်ပဲ ကိုယ့်အခွင့်အရေးအတွက် ကိုယ့်ဟာကိုယ် ပါဝင်လာတာဖြစ်တယ်။ ဒါကြောင့် ကျမတို့ပန်းတိုင်အတွက် အဆုံးထိတိုက်ပွဲဝင်ရမှာဖြစ်တယ်။ ဒီကိစ္စလုပ်ကတည်းက ဒီတိုက်ပွဲကဖြစ်ပါ့မလားဆိုတဲ့စိတ်နဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ပူးပေါင်းဆောင်ရွက်လာတာဖြစ်ပါတယ်” လို့ဆိုပါတယ်။

၁၉၅၁ ကွန်ဗင်းရှင်းကို အိန္ဒိယက လက်မှတ်မထိုးခင်ကတည်းက အိန္ဒိယမှာ UNHCR ဟာ သူ့ရဲ့ ကိုယ်ပိုင် လုပ်ပိုင်ခွင့် (mandate) အောက်ကနေ Refugee Status Determination ကို ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားများ အပါအဝင် အခြားနိုင်ငံများမှ လာရောက်တဲ့ ခိုလှုံခွင့်တောင်းခံသူများအတွက် RSD လုပ်ငန်းစဉ်ကို ဦးဆောင်ခဲ့ပါတယ်။ သို့သော် အိန္ဒိယရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ကြောင့် ဒုက္ခသည်များကို လက်ခံတဲ့နေရာမှာ ပိုမိုတင်းကြပ်လာခဲ့ပါတယ်။ UNHCR အနေနဲ့လည်း အိန္ဒိယအစိုးရရဲ့ မူဝါဒအပြောင်းအလဲတွေနဲ့အညီ လှုပ်ရှားဆောင်ရွက်ရပါတယ်။

UNHCR က RSD လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးပေမဲ့၊ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်နဲ့ အခြေချနေထိုင်ခွင့် အပါအဝင် အခြေခံအခွင့်အရေးတွေ ပေးဖို့ကတော့ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ မလေးရှားနိုင်ငံမှာလည်း UN ကဒ်ကိုင်ဆောင်သူတွေ တရားဝင်အလုပ်လုပ်ခွင့်ရရှိရေးအတွက်ဒုက္ခသည်များအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့  နှိုးဆော်တိုက်တွန်းမှုတွေဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ထိုသို့ တရားဝင်အလုပ်လုပ်ခွင့်ရရှိမှသာ နိုင်ငံရဲ့ဥပဒေနဲ့အညီ ခေါင်းပုံဖြတ်ခံရမှုတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

“ အရင်က Refugee Status အသိအမှတ်ပြုခံရသူတွေအတော်များများကြည့်ရင် နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေများတာတွေ့ရတယ်။ အခုကတော့ ဒုက္ခသည်လို့ပြောတဲ့နေရာမှာ နိုင်ငံရေး ကယက်ကြောင့်လို့ခေါင်းစဉ်တပ်စရာများပေမယ့် လက်တွေ့မှာ သူတို့ကို အဲဒီအသိအမှတ်ပြုပေး ရေးကိစ္စက အတော်စဉ်းစားရကြပ်တဲ့အနေ အထားမျိုးဖြစ်နေတယ် လို့ယူဆရတယ်။ အဲဒီ UN ကဒ်ရှိရင်တောင် သူတို့နိုင်ငံတွင်းမှာ အရာအားလုံးတရားဝင်ရပိုင်ခွင့်ရတယ်လို့ပြောလို့မရဘူး။ ပိုပြီး အာမခံချက်ရှိတဲ့ ရပိုင်ခွင့်အတွက်အဆင့်တစ်ခုအနေနဲ့တော့ရှိတာပေါ့။  တတိယနိုင်ငံ ဆက်ကူးဖို့ ဆိုတာကလည်း အခုနောက်ပိုင်း လက်ခံနိုင်ငံတွေရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒ တွေနဲ့သက်ဆိုင်သေးတယ်” လို့ မီဇိုရမ်ပြည်နယ်မှာ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သူတစ်ဦးကပြောပါတယ်။

လက်ရှိအိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ပြုလုပ်တဲ့ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေဟာ UNHCR ရဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေနဲ့ အိန္ဒိယအစိုးရရဲ့ ဒုက္ခသည်မူဝါဒ တင်းကြပ်လာမှုတွေကြောင့် အခက်အခဲများစွာ ရင်ဆိုင်နေရတဲ့အတွက် ဖြစ်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေကို လက်မှတ်မထိုးထားတာကြောင့် UNHCR က အသိအမှတ်ပြုထားတဲ့ Refugee ID တွေကိုပင် ဥပဒေအရ အသိအမှတ်ပြုမှု မရှိတာတွေလည်း ရှိပါတယ်။ ဒါက ဒုက္ခသည်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။

လက်ရှိ နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်အများစုဟာ ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်သဖြင့် ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး ၊ အကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ် နေသဖြင့် ဒုက္ခသည် အသိအမှတ်ပြုကဒ်များ အမြန်ဆုံးပေးနိုင်ရန် တောင်းဆိုမှုတွေလည်း စာပေးပို့တောင်းဆိုမှုများလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လတ်တလော အတည်ပြုထားသည့် နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းနေထိုင်သူများ အတွက် ဥပဒေအရ ဘုရားကျောင်းအချို့တွင် စစ်ဆေးခံခဲ့ရပြီး ယာယီကဒ်ကိုင်ဆောင်သူများကို နေရပ်ရင်းပြန်လည်ပို့ဆောင်မည်ဆိုသော ပြောဆိုမှုများကြောင့် UNHCR မှ လုံခြုံရေးအရ ခြိမ်းခြောက် ခံရသည့် ခိုလှုံခွင့်တောင်းခံသူများ ကို အသိအမှတ်ပြုရန်ကိုလည်း တင်ပြခဲ့ကြရပါတယ်။

ဆက်လက်ပြီး ကျန်းမာရေးမကောင်းသူများ ၊နှစ်ရှည်နေထိုင်သူများနှင့် ရပ်တည်နေထိုင်ရန် ခက်ခဲသူ များကို တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ပါတယ်။ RSD အသိအမှတ်ပြုခံရမှသာ Resettlement (တတိယနိုင်ငံနေရာချထားရေး) အတွက် UNHCR က စဉ်းစားပေးနိုင်ပါတယ်။ ဒါ့အပြင် အခြားရေရှည်ဖြေရှင်းနည်းတွေဖြစ်တဲ့ ဒေသတွင်းပေါင်းစည်းနေထိုင်ခွင့် (local integration) စတဲ့ အနာဂတ် ရွေးချယ်စရာတွေအတွက်လည်း အဆင့်တစ်ဆင့်တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် CRC – နယူးဒေလီဥက္ကဌမိုင်စုထွေအောင်က “အိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်းပဲ လူဦးရေ အရမ်းများနေတယ် ဆိုတော့ Local Integration ဆိုတာဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ နောက် အိန္ဒိယမှာ အလုပ်အကိုင်အခွင့်အလမ်းကလဲ အရမ်းရှားပါးတယ်။ ဆိုတော့ ဒုက္ခသည်တွေက လူတစ်ယောက်ရဲ့ ရရှိပိုင်ဆိုင်ခွင့်တွေ အကုန်ဆုံးရှုံးခံပြီးမှ အသက်လေးရှင်ရင်ပြီးရောဆိုပြီး ဒီမှာလာခိုလုံကြတာ” ဖြစ်တယ်လို့ မီဒီယာတွေမှာလည်း ဖြေကြားထားပါတယ်။

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းဦးဆောင်သူတစ်ဦးကလည်း “ အိန္ဒိယနိုင်ငံမှာ လူဦးရေဒီလောက်ထူထပ်ပြီး ကိုယ့်လူထုရဲ့ နေ့စဉ်လူမှုဘ၀ အသက်ရှင်နေထိုင်ကိစ္စတွေအတွက် မနိုင်မနင်းဖြစ်နေတာ။ Local Integration ဆိုတာမျိုးနဲ့ ဘယ်လိုမှ ဒုက္ခသည်တွေရဲ့ ပြသနာကို ဝင်ရောက်ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး” လို့ဆိုပါတယ်။

တတိယနိုင်ငံကိုရွှေ့ပြောင်းခွင့် (Resettlement) မရရှိသေးရင်တောင် UNHCR ကနေ Refugee Status Determination (RSD) ရရှိခြင်းဟာ Asylum Seeker အဆင့်ထက် ဥပဒေအရ အဆင့်အတန်း ပိုမိုမြင့်မားပြီး ပိုမိုလုံခြုံမှုကို ပေးနိုင်ပါတယ်။ အထူးသဖြင့် မိခင်နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ခံရခြင်းမှ အကာအကွယ်ပေးနိုင်တဲ့ အရေးကြီးတဲ့ အခွင့်အရေးကို ရရှိပါတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ထူးခြားတဲ့ ဒုက္ခသည်မူဝါဒကြောင့် RSD ရရှိသူတွေတောင် တခြားနိုင်ငံတွေက ဒုက္ခသည်တွေလို အခွင့်အရေးအပြည့်အဝ မရရှိနိုင်သေးတဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်။

လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာနိုင်ငံကနေတိမ်းရှောင်လာတဲ့ ဒုက္ခသည် ခန့်မှန်းခြေ ၁၂၀၀၀ ဝန်းကျင်ရှိမှာဖြစ်ပြီး သက်ဆိုင်ရာ ကွန်မြူနတီကို စာရင်းမပေးထားသေးသူတွေ၊ ကိုယ်ရေးအချက်အလက်ဖုံးကွယ်ပြီး နေရသူများလည်းရှိတဲ့အတွက်ကြောင့် သိရှိရတဲ့ အချက်အလက်အရ ဆယ်ရာခိုင်နှုန်းအောက်သာ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူ တွေဖြစ်တယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်များဟာ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ခြင်းမခံရတဲ့အတွက် ပညာရေး၊ ကျန်းမာရေးနဲ့လူမှုဖူလှုံရေးများတွင် အခွင့်အရေးများဆုံးရှုံး နေတာ ကြောင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာရှိတဲ့ UNHCR ရုံးရှေ့မှာ မြန်မာ/ချင်းဒုက္ခသည်တွေက ဇူလိုင်လ ၇ ရက်ကတည်းက နေ့စဉ်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *