Headlines

ဟားခါးမြို့နယ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအများအပြားကို ပို့ဆောင်ခဲ့တဲ့ တာဝန်ခံ လာရောက်အဖမ်းခံကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၅)မှ ထုတ်ပြန်

ဇူလိုင်လ ၁၂ ရက်။

ဇူလိုင်လ ၈ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ CDF-Hakha တပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် စိတ်ကြွဆေးပြား (၃)သန်းခန့်၊ ဘိန်းဖြူ (၁၁၀) ကီလိုဂရမ်ခန့်ကို တာဝန်ခံ ပို့ဆောင်ခဲ့ကာ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျော်မင်းဇော်(ခ) ကိုပုတီးဟာ ဒီကနေ့ ဇူလိုင်လ (၁၂)ရက်နေ့ မှာ ဆားလင်းကြီးမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုဖိုးလုံးထံ ဆက်သွယ်ပြီး လာရောက် အဖမ်းခံခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁၅) တပ်ရင်း SSTF က ဒီကနေ့ ဇူလိုင်လ ၁၂ ရက်မှာသတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၈)ရက်နေ့မှာ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် စိတ်ကြွဆေးပြား (၃)သန်းခန့်၊ ဘိန်းဖြူ (၁၁၀) ကိလိုဂရမ်ခန့်ကို သယ်ဆောင်လာသည့် အမျိုးသား (၅)ဦးကို ဟားခါးမြို့နယ်အတွင်း ဖမ်းမိခဲ့​ကြောင်း၊ထို မူးယစ်ဆေးဝါးနှင့် ပစ္စည်းများကို ဆားလင်းကြီးမြို့နယ် ငွေသာရွာအနီးက သယ်​​ဆောင်လာခဲ့ကြောင်း ယာဥ်မောင်း ကိုကျော်ဟိန်းက CDF-Hakha ရဲ့စစ်ဆေးမေးမြန်းချက်မှာ ထွက်ဆိုထားပါတယ်။

ဇူလိုင် ၈ ရက်ကCDF-Hakha တပ်ဖွဲ့မှ ဖမ်းမိသူများထဲမှာ ယင်းမာပင်ခရိုင် တပ်ရင်း (၁၄) ရဲဘော် ၁ ဦး၊ ပခုက္ကူခရိုင် အမှတ် ၁ စစ်​ဒေသ တပ်ရင်း (၁၀) ရဲဘော် ၁ ဦးနှင့် ပကဖ ရဲဘော် တစ်ဦးတို့ပါဝင်ပြီး၊အဆိုပါ မူးယစ်ဆေးဝါးများကို တာဝန်ခံ သယ်​​ဆောင်လာတဲ့ မောင်ဇော်လတ်(ခ) ဦးဝင်းမော် နှင့် ကိုပုတီး (ခ) ဦးကျော်မင်းဇော်တို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ ကိုပုတီးက လာရောက်အဖမ်းခံခြင်းဖြစ်ပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) တပ်ရင်းမှူး ​ထေက်ခံစာကို အလွဲသုံးစားလုပ်ကာ မူးယစ်ဆေးဝါးများ သ​​ယ်​ဆောင်ခဲ့သည့် ပြစ်မှုကို စုံစမ်းစစ်​​ဆေးမှုများ ပြုလုပ်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းမာပင်တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း CDF-Hakha တပ်ဖွဲ့မှ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း၊ ယင်းမာပင် တပ်ရင်း ၁၅ တပ်ရင်းမှုး ကိုဖိုးသောင်းရဲ့ လက်မှတ်ဖြင့် ရဲဘော် လေးဦး၊ သေနတ် ၂လက်၊ ကား ၂စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ‌ ပေးအပ်ခဲ့သည်မှာ မှန်ကန်မှုရှိကြောင်း၊မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြခြင်းဟာ ရဲဘော်တွေရဲ့ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး ၎င်းတို့ အဖွဲ့အစည်းနှင့် ပတ်သက်ခြင်းမရှိကြောင်း အဆိုပါဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူများကိုလည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များလည်း ဆောင်ရွက်နေပြီး ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းက ဇူလိုင်လ ၁၀ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *