
ဟားခါးမြို့နေ လူငယ်များ ဟားခါးမြို့နယ်ကနေ မထွက်ခွါဖို့နဲ့ ထွက်ခွါရန်ကြိုးစားသူများကိုလည်း ဂိတ်ကနေ လှည့်ပြန်ခိုင်းမှာဖြစ်ကြောင်း၊ လူငယ်အမျိုးသားမှန်သမျှ ဟားခါးမြို့နယ်အရန်တပ်ဖွဲ့သင်တန်းတက်ရောက်ရန်၊ မီဇိုရမ်ပြည်နယ်နဲ့ ပြည်တွင်းအခြားနေရာအသီးသီးမှာရောက်ရှိနေတဲ့ လူငယ်အမျိုးသားအားလုံး ဇူလိုင်လအတွင်း ဟားခါးမြို့နယ်အတွင်း ပြန်လာကြရန် CDF-Hakha Central Council က ဇူလိုင်လ (၃) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
CDF-Hakha ထုတ်ပြန်ချက်မှာ ဇူလိုင်လ (၁) ရက်နေ့ကစပြီး ဟားခါးမြို့နယ်အတွင်း မွေးဖွားကြီးပြင်းသူများ၊ အိမ်ပိုင်ယာပိုင်ရှိသူများနဲ့ လက်ရှိနေထိုင်နေတဲ့ လူငယ်မှန်သမျှ သိရှိလိုက်နာစေရန်လို့ အထက်ပါအချက်များကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးကာလအတွင်း ဟားခါးမြို့နယ်ကနေ ပြည်ပကိုထွက်ခွါတဲ့ လူငယ် အမျိုးသားများအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ အနည်းဆုံး ၁၀၀၀ စီရန်ပုံငွေထည့်ဝင်ရန် CDF- Hakha Central Council ကဇူလိုင်လ (၃) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
